မြန်မာ- ရုရှား- တရုတ် သုံးနိုင်ငံတို့ဟာ စွမ်းအင်ကဏ္ဍမှာ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ဦးဆောင်ကော်မတီတွေ ဖွဲ့စည်းပြီး လုပ်ဆောင်မယ်လို့ အာဏသိမ်းအသွင်းပြောင်း စစ်အစိုးရထံမှ သိရပါတယ်။
စစ်အစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှာနိုင်ငံ၊ သမ္မတ အကြံပေး Mr. Anton Kobyakov ၊ စွမ်းအင်ဝန်ကြီး Mr. Sergei Tsivilev တို့နဲ့ တွေ့ဆုံပြီးနောက် သုံးနိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ရုရှားနဲ့ မြန်မာတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ လျှပ်စစ်နဲ့ စွမ်းအင်စီမံကိန်းတွေကို တွန်းအားပေး ဆောင်ရွက်လိုနေပြီး မြန်မာရဲ့ တည်နေရာဟာ Engery Hub အဖြစ် အသုံးပြု ဆောင်ရွက်ဖို့ အထူးသင့်လျော်တယ်လို့ အသွင်းပြောင်း စစ်အစိုးရအဖွဲ့က စည်းရုံးခဲ့ကြောင်း သိရပါတယ်။
ရုရှားက သဘာဝဓါတ်ငွေ့ရည် (LNG) တွေကို မြန်မာကို ပို့ဆောင်ပြီး မြန်မာကနေ ပိုက်လိုင်းမှတဆင့် တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ဆက်လက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်သွားလိုကြောင်း၊ မြန်မာ့ကမ်းလွန်လုပ်ကွက်တွေမှာလည်း ရင်းနှီးမြှုပ်နှံနိုင်ရေး မက်လုံးပေး စည်းရုံးနေတယ်လို့ သိရပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံစီမံကိန်းတွေ အကောင်အထည် ဖော်နေမှုကို လျင်မြင်စွာ ဆောင်ရွက်လိုတယ်လို့ စစ်အစိုးရသစ်က ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ရုရှားအစိုးရကလည်း မြန်မာ- ရုရှား- တရုတ် သုံးနိုင်ငံက စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မြန်မာဟာ အရှေ့တောင်အာရှဒေသတွင်း Energy Hub အနေနဲ့လည်း ဆောင်ရွက်ဖို့ အနေအထား ကောင်းမွန်တဲ့အတွက် ဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရုရှားစွမ်းအင်ဝန်ကြီးဌာန၊ စစ်အစိုးရသစ် စွမ်းအင်ဝန်ကြီးတို့ကြား နားလည်မှု စာချွန်လွှာ (MOU) အမြန်ဆုံး ရေးထိုးသွားမယ်လို့ သိရပါတယ်။
ဧပြီလ ၁၇ ရက်နေ့မှာလည်း ရုရှားနိုင်ငံ၊ Inter RAO ကုမ္ပဏီနဲ့ တွေ့ဆုံပြီး ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျောက်မီးသွေ လျှပ်စစ်ဓါတ်အားပေး စက်ရုံး တည်ဆောက်မယ့် ကိစ္စ၊ ရေနံချက် စက်ရုံ တည်ဆောက်မယ့် ကိစ္စ၊ LNG ဆိပ်ကမ်းနဲ့ စက်ရုံ တည်ဆောက်မယ့် ကိစ္စတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာသို့ ရေနံစိမ်းကုန်ကြမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ ရေရှည်အစီအမံနဲ့ ရုရှားနိုင်ငံက ထောက်ပံ့ပေးနိုင်ရေး သဘောတူညီမှုအပါအဝင် လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စစ်အစိုးရသစ်နဲ့ ရုရှားမှ Investment Development Fund “RC Investments” တို့ကြား စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
စစ်အစိုးရ၊ စွမ်းအင်ဝန်ကြီးရဲ့ တရုတ်ခရီးမှာ တရုတ်- မြန်မာ နယ်စပ်ဖြတ်ကျော် ဓါတ်အားလိုင်း ဆောင်ရွက်နေမှုအခြေအနေတွေ၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းတွေ ပြီးစီးပါက တောင်ပိုင်းဓါတ်အားသုံးစွဲတဲ့ ဒေသတွေအထိ ဓါတ်အား ပေးပို့နိုင်ဖို့ ဓါတ်အားလိုင်းကွန်ယက် တည်ဆောက်ရန် ကြိုတင် အစီအမံ ပြုလုပ်ပြီး စီမံချက် ရေးဆွဲသွားရန် လိုအပ်မှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်တလျှောက်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေကိစ္စ၊ လာအို- မြန်မာ ဖြတ်ကျော် ဓါတ်အားလိုင်း တည်ဆောက်ရေး စီမံကိန်းကိစ္စတွေကိုလည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ စစ်အုပ်စုတို့အကြား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ကုမ္ပဏီတွေနဲ့ သက်တမ်းရင့် ရေနံမြေတွေမှာ ပေနက်တွင်း တူးဖော်နိုင်ရေးကိစ္စ၊ ရေနံချက်စည်ရုံး တည်ဆောက်ရေးကိစ္စ၊ နေရာင်ခြည်စွမ်းအင် အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းကိစ္စနဲ့ ရေနံစိမ်းနဲ့ ရေနံထွက် ပစ္စည်းတွေ တင်သွင်းတဲ့ Supply Chain မှာ ရင်းနှီးမြှပ်နှံမှုကိစ္စတိုကိုလည်း ဆွေးနွေးတယ်လို့ သိရပါတယ်။
ဧပြီလ ၁၂ ရက်မှ ၁၉ ရက်အထိ အာဏာသိမ်းစစ်အစိုးရသစ်ရဲ့ စွမ်းအင်ဝန်ကြီးဟာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ သွားရောက်ပြီး စွမ်းအင်ကဏ္ဍဆိုင်ရာတွေမှာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်တယ်လို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။









































