ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း စီမံကိန်း ၇ ခု ဆောက်လုပ်မှုကို ဆန့်ကျင့်ပါတယ်။
လက်ရှိ မြန်မာစစ်တပ်အသွင်ပြောင်းအစိုးရရဲ့ စွမ်းအင်အစီအစဥ်အရ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းမှာ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ၁ခု၊ အန်မိုင်ခမြစ်ပေါ်မှာ စီမံကိန်း ၅ ခုနဲ့ မလိခမြစ်ပေါ်မှာ စီမံကိန်း ၁ခု၊ စုစုပေါင်း စီမံကိန်း ၇ ခု ရှိပါတယ်။
မြစ်စနစ် (river system) တစ်ခုတည်းမှာ ရေအားလျှပ်စစ်ဓာအားပေးစက်ရုံတွေ ဆက်တိုက်တည်ဆောက်မှု (hydropower cascade) ကို ဆန့်ကျင့်ကန့်ကွက်ပါတယ်။ ဆန့်ကျင့်ရတဲ့ အကြောင်းပြချက်တွေလည်း ရှိပါတယ်။
၁။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မယ့် နေရာနဲ့ အန်မိုင်ခ၊ မလိခ မြစ်တည်ရာ ဧရာဝတီမြစ် အထက်ပိုင်းမြစ်ဝှမ်းက ဂေဟဗေဒတန်ဖိုး (ecological value) မြင့်မားပါတယ်။ ဒါကြောင့် ဒီနယ်မြေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားသင့်တဲ့ နယ်မြေ ဖြစ်သင့်ပါတယ်။
၂။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းက မြစ်မကြီးပေါ်မှာ တည်ရှိတဲ့အတွက် ချင်းတွင်းမြစ်နဲ့ အခြားသော မြစ်လက်တက်တွေနဲ့ ချိတ်ဆက်နိုင်စွမ်း (river connectivity) ကို ထိခိုက် လျော့ကျစေမှာ ဖြစ်ပါတယ်။
၃။ အန်မိုင်ခမြစ်နဲ့ မလိခမြစ်ပေါ်မှာ ရှိတဲ့ စီမံကိန်း ၆ခုနဲ့ မြစ်ဆုံစီမံကိန်း ၁ခုရဲ့ ဆည်ရေသိုလှောင်မှု ပမာဏက ဧရာဝတီမြစ်ရေရဲ့ ၈.၄% ရှိပါတယ်။ ရာသီအလိုက် ရေအများအပြားသိုလှောင်မှုကြောင့် မြစ်ရေရဲ့ ရေအရည်အသွေးကို ထိခိုက်မှာ ဖြစ်ပါတယ်။ မြစ်ဆုံဧရိယာ၊ အန်မိုင်ခမြစ်နှင့် မလိခမြစ်အတွင်း ရေနေဂေဟစနစ်နဲ့ ငါးမျိုးစိတ်တွေကို ထိခိုက်မှာ ဖြစ်ပါတယ်။
၄။ ဧရာဝတီမြစ်ရဲ့ မြစ်အထက်ပိုင်း မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်း ၇ ခု ဆောက်လုပ်မှုက ရေစီးနှုန်းကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ဘူမိရုပ်သွင်ဆိုင်ရာ သဲ၊ ကျောက်စရစ်နဲ့ နုန်း ပို့ချမှုကို ကြီးမားစွာ ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် မြစ်အောက်ပိုင်းမှာ မြစ်ကမ်းပါးတိုက်စားမှု ပိုမိုမြင့်တက်လာနိုင်ပါတယ်။ မြစ်ကြမ်းပြင်လည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
၅။ မြစ်ဆုံစီမံကိန်းနဲ့ အန်မိုင်ခ၊ မလိခ မြစ်ပေါ်မှ စီမံကိန်း ၆ ခု ဆောက်လုပ်မှုက စီမံကိန်းဧရိယာဖြစ်တဲ့ ဧရာဝတီမြစ် အထက်ပိုင်းမြစ်ဝှမ်းကိုသာ ထိခိုက်ရုံတင်မက ချင်းတွင်းမြစ်ဝှမ်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။ မြစ်ရေစီးနှုန်းပြောင်းလဲလာမှုကြောင့် ကမ်းပါးပြိုမှု၊ ငါးမျိုးစိတ်နဲ့ ရေနေသတ္တဝါတွေ ထိခိုက်မှု၊ ရေးကြီးမှုအန္တရာယ်နဲ့ နုန်းအနည်းအနှစ်ပို့ချမှု နည်းပါးလာခြင်းကြောင်း မြစ်ဝကျွန်းပေါ်ဒေသမှာ မြစ်ဆီလွှာ ကြွယ်ဝမှု လျော့နည်းလာခြင်းများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
၆။ မြစ်ဆုံနဲ့ အန်မိုင်ခ၊ မလိခ မြစ်ပေါ်မှ ရေအားလျှပ်စစ်စီမံကိန်း ဧရိယာအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေက သဘာဝအရင်းအမြစ်တွေအပေါ် မှီတင်းရှင်သန်ကြတာ ဖြစ်တဲ့အတွက် လူမှုဘဝနဲ့ အသက်မွေး ဝမ်းကျောင်းထိခိုက်မှု ကြီးမားမှာ ဖြစ်ပါတယ်။
၇။ အန်မိုင်ခနဲ့မလိခ မြစ်နှစ်စင်းပေါင်ဆုံရာ မြစ်ဆုံနယ်မြေက ဂေဟဗေဒအမွေအနှစ် (ecological heritage) အဖြစ် တန်ဖိုးထားရာ နေရာဖြစ်တဲ့အတွက် ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။
၈။ မြစ်ဆုံစီမံကိန်းနဲ့ အန်မိုင်ခ၊ မလိခ မြစ်ပေါ်မှ စီမံကိန်း ၆ ခု ဆောက်လုပ်မှုက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝထိခိုက်မှုနဲ့ မြစ်လုပ်ငန်းစဉ် ထိခိုက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။
ကုန်ကျစရိတ်နဲ့ အကျိုးရလဒ် (cost & benefit) အရ အကျိုးခံစားရမှု နည်းပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ လူမှုဘဝထိခိုက်မှုအတွက် ပြန်လည် ထူထောင်ရမယ့်၊ ပြန်လည် ကုစားရမယ့် နောက်ဆက်တွဲပြဿနာတွေ ရှိလာနိုင်ပါတယ်။
အဆိုပါပြဿနာတွေကို ဖြေရှင့်ရမယ့် ကုန်ကျစရိတ် များနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်ပျက်စီးမှု ကုန်ကျစရိတ် (environmental & social cost) ကို စာချုပ်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။
၉။ မြစ်ဆုံဆည်အပါအဝင် စီမံကိန်း ၇ ခု လုပ်ဆောင်ရန် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား ချုပ်ဆိုထားသော စာချုပ်က (Build-Operate-Transfer, တည်ဆောက်-လည်ပတ်-လွှဲပြောင်း) BOT စနစ်ဖြစ်ပြီး ၎င်းစာချုပ်အရ ရေကာတာ တည်ဆောက်ပြီး လုပ်ငန်းစတင်လည်ပတ်ချိန်မှ စ၍ နှစ်ပေါင်း ၅၀ ကြာ တရုတ်ကုမ္ပဏီ State Power Investment Corporation- SPIC က လုပ်ပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
နောက်ထပ် ၅ နှစ် ၂ ကြိမ် (၁၀ နှစ်) သက်တမ်းတိုးခွင့် ရှိပြီး တရုတ်ကုမ္ပဏီမှ နှစ်ပေါင်း ၆၀ လုပ်ပိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ရှည်ကြာပြီး မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်မှုနဲ့ နည်းပညာကူးပြောင်းမှု ကိစ္စရပ်များ စာချုပ်မှာ မပါရှိသည့်အတွက် မြန်မာနိုင်ငံအတွက် ရရှိခံစားရမယ့် အကျိုးအမြတ် နည်းပါးပါတယ်။
၁၀။ စာချုပ်ပါအချက်အလက်အရ လျှပ်စစ်ဓာတ်အားနဲ့ အကျိုးအမြတ်ခွဲဝေမှုမှာလည်း တရားမျှတမှု မရှိပါ။ စီမံကိန်းမှ ရရှိမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀% ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့မှာ ဖြစ်ပြီး ကျန် ၁၀ %ကိုသာ မြန်မာနိုင်ငံက အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။
မြန်မာမြေပေါ်မှာ လာရောက်ရင်နှီးမြှုပ်နှံတဲ့ ဒေါ်လာဘီလီယံချီတန် စီမံကိန်းကြီးတစ်ခုမှ မြန်မာနိုင်ငံတွင်း ၁၀% သာ လျှပ်စစ်ပမာဏ ရရှိခြင်းက အလွန်အလွန် နည်းပါးတဲ့ ပမာဏ ဖြစ်ပါတယ်။ ၁၀% ထက် ပိုမို၍ လျှပ်စစ်ပမာဏ ရယူလိုပါက မိမိမြေပေါ်တွင် ထုတ်လုပ်တဲ့ လျှပ်စစ်ကို တရုတ်ကုမ္ပဏီ SPIC ထံမှ ကမ္ဘာပေါက်စျေး (ဒေါ်လာ) ဖြင့် ဝယ်ယူရမည့်အချက် စာချုပ်မှာ ပါရှိပါတယ်။
အမြတ်ဝင်ငွေပေါ်မူတည်ပြီး အစုရှယ်ယာအကျိုးအမြတ် ၁၅% ကို မြန်မာနိုင်ငံက ရရှိမည်ဟု စာချုပ်မှာ ဖော်ပြထားသော်လည်း တရုတ်နိုင်ငံမှ အခွန်ကင်းလွှတ်ခွင့် ရရှိထားပါတယ် (စာချုပ်အရ လုပ်ငန်းလည်ပတ်သော ပထမပိုင်းနှစ်များတွင် စက်ကရိယာတင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန် ကင်းလွှတ်ခွင့် တရုတ်နိုင်ငံဖက်မှ ရရှိထားပါတယ်) ။












































