Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂိုမှာ မျောက်မျိုးစိတ်သစ် တစ်မျိုး ရှာဖွေတွေ့ရှိ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အရှေ့အလယ်ပိုင်းက Lomani အမျိုးသားဥယျာဉ်ရှိ အပူပိုင်းမိုး သစ်တောထဲမှာ မျောက်မျိုးစိတ်သစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပန်းရောင်းသန်းတဲ့ လိမ္မော်ရောင် နှုတ်ခမ်းတွေ၊ မျက်နှာအမည်းရောင်နဲ့ အမွေးအမျှင် အမည်းရောင်ရှိတဲ့ အဆိုပါ နို့တိုက်သတ္တဝါ၊ မျောက်မျိုးစိတ်ဟာ မျိုးစိတ်အသစ်ဖြစ်တယ်လို့ သတ်မှတ်နိုင်ခဲ့ကြောင်း  ဖလော်ရီဒါ အတ္တလန္တိတ်တက္ကသိုလ် (Florida Atlantic University)က ဇူလိုင်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါမျောက်မျိုးစိတ်သစ်ဟာ ထူထပ်တဲ့ အပူပိုင်းမိုးသစ်တောတွေရဲ့ မြင့်မားတဲ့ သစ်ပင်ထိပ်ဖျားတွေမှာ ပုန်းအောင်းနေမှုကို တွေ့ရှိခဲ့ပြီး ဓါတ်ပုံ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

Lomani အမျိုးသားဥယျာဉ်မှာ အလုပ်လုပ်ကိုင်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ထူးဆန်းတဲ့ အသွင်အပြင်ရှိတဲ့ အဲဒီမျောက်မျိုးစိတ်ကို ၂၀၀၈ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က မှုန်ဝါးနေတဲ့ ဓါတ်ပုံတစ်ပုံကိုသာ ရိုက်ကူးနိုင်ခဲ့တာပါ။

နောက် ၁၀ နှစ်အကြာမှာ နိုင်ငံတကာအဖွဲ့တစ်ဖွဲ့က မျောက်မျိုးစိတ်တွေကို ရှာဖွေလေ့လာဖို့ စတင်ပြုလုပ်ခဲ့ရာ အဆိုပါမျောက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဲဒီမျောက်မျိုးစိတ်ဟာ အရင်က မသိရှိခဲ့ရတဲ့ မျိုးစိတ်သစ်ဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီတွေ့ရှိမှုဟာ ၇၅ နှစ်အတွင်း အာဖရိကမှာ ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ပဥ္စမမြောက် မျောက်မျိုးစိတ် ဖြစ်လာပါတယ်။

မျောက်မျိုးစိတ်သစ် ရှာဖွေဖော်ထုတ်မှုမှာ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းနဲ့ အသေးစိတ် မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုတွေကို ဖလော်ရီဒါ အတ္တလန္တိတ်တက္ကသိုလ်မှ ပါရဂူဘွဲ့ကျောင်းသားဖြစ်သူ ဂျူနီယာ အမ်ဘိုကို (Junior Amboko) က ဦးဆောင်ခဲ့ပါတယ်။

အဆိုပါရှာဖွေတွေ့ရှိချက်တွေကို PLoS One ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဒေသခံလူအနည်းငယ်သာ ရှိနေမှန်းသိကြတဲ့ သတ္တဝါတစ်ကောင်ရဲ့ မျက်နှာကို ကြည့်ရှုရခြင်းက “အလွန်အံ့ဩဖို့ ကောင်းတဲ့ ခံစားချက်” ဖြစ်တယ်လို့ အမ်ဘိုကိုက ပြောပါတယ်။

ဒီနေရာမှာ မျိုးစိတ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းဆိုတာမှာ မျိုးရိုးဗီဇအရ ကွဲပြားစွာ ဆင်းသက်လာကြောင်းကို တရားဝင် မှတ်တမ်းတင် အတည်ပြုနိုင်ခြင်းကို ဆိုလိုပါတယ်။ ဒေသခံတချို့က အဆိုပါမျောက်မျိုးစိတ် တည်ရှိနေမှုကို သိရှိထားပြီး သူတို့က “Likweli” လို့ အမည်ပေး၊ ခေါ်ဆိုနေတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီမျောက်မျိုးစိတ်တွေဟာ “အရှက်အကြောက်ကြီး” ကြပြီး သစ်ပင်အမြင့်ပိုင်းတွေမှာ ပုန်းအောင် နေထိုင်တတ်တယ်လို့ အမ်ဘိုကိုက ဆိုပါတယ်။

“ကျနော်တို့ရဲ့ သုတေသနပြုမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အဲဒီမျောက်မျိုးစိတ်နေထိုင်တဲ့ နယ်မြေအနီးက ကျေးရွာပေါင်း ၅၂ ရွာက လူတွေကို မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီထဲက ကျေးရွာ ၈ ရွာက လူတွေကပဲ အဲဒီမျောက်မျိုးစိတ်ကို မြင်ဖူးကြတာပါ” လို့ အမ်ဘိုကိုက ပြောပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့မှ သုတေသနအဖွဲ့က ကွန်ဂိုနိုင်ငံထဲက သဘာဝမျိုးစုံမျိုးကွဲတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အဆိုပါမျောက်မျိုးစိတ်ကို လက်တင်အမည်ဖြစ်တဲ့ “Colobus congoensis” လို့ အမည်ပေးခဲ့ပါတယ်။

အဲဒီမျောက်မျိုးစိတ်ဟာ colobus မျောက်မျိုးနွယ်စုကြီးထဲမှာ ပါဝင်ပါတယ်။

“ဒီတွေ့ရှိမှုက လက်မ မပါတဲ့ အာဖရိက မျောက်တွေအတွက် အလွန်အရေးပါပါတယ်” လို့ ဖလော်ရီဒါ အတ္တလန္တိတ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ကိတ်ဒက်ဝိုင်လာ (Prof Kate Detwiler) က ပြောပါတယ်။

“အဲဒီမျောက်မျိုးစိတ်က သစ်ပင်ထိပ်ဖျားတွေမှာ ရှင်သန်နေထိုင်တဲ့ အသီးအရွက်စား သတ္တဝါဖြစ်ပြီး ဂေဟစနစ်ထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူတို့က သစ်တောထဲမှာ သစ်စေ့တွေ ဖြန့်ဝေခြင်းနဲ့ အပင်ပေါက်ခြင်းတို့မှာ များစွာ အထောက်အကူပေးပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။

တစ်မူထူးခြားပြီး တောက်ပတဲ့ မျက်နှာပေါ်က အမှတ်အသားတွေဟာ အခြားသတ္တဝါတွေအတွက် အမြင်အာရုံဆိုင်ရာ အချက်ပြမှုတစ်ခု ဖြစ်နိုင်သလို “အမ”တွေကို ဆွဲဆောင်ဖို့ သို့မဟုတ် သတ္တဝါအချင်းချင်း တစ်ကောင်နဲ့ တစ်ကောင် ခွဲခြားသိမြင်နိုင်စေဖို့ ဖြစ်နိုင်ကြောင် ပရော်ဖက်ဆာ ဒက်ဝိုင်လာ (Detwiler) က ယူဆပါတယ်။

အဆိုပါမျောက်မျိုးစိတ်သစ်မှာ ထူးခြား၊ ကွဲပြားတဲ့ “ဟိန်းသံ” ကဲ့သို့ အော်မြည်သံလည်း ရှိပါတယ်။

“သူတို့ရဲ့ အသံကို မကြာခဏ ကြားရတတ်ပေမယ့် သူတို့ကိုတော့ မြင်တွေ့ရလေ့ မရှိပါဘူး” လို့ အမ်ဘိုကိုက ပြောပါတယ်။

ရှားပါးမျိုးစိတ်ဖြစ်တဲ့ အဲဒီမျောက်တွေဟာ လိုအပ်တဲ့ အစားအစားနဲ့ ရှင်သန်နေထိုင်ရာဒေသကို ရရှိနိုင်တဲ့ သစ်တောရဲ့ အစိတ်အပိုင်းတစ်ခုမှာသာ သီးခြားကန့်သတ်နေထိုင်ကြတယ်လို့ ထိန်းသိမ်းရေးသမားတွေက ဆိုပါတယ်။

အသားအတွက် အမဲလိုက်ခံနေရတဲ့ အဆိုပါမျောက် Colobus congoensis ကို လက်ရှိမှာ မျိုးစိတ်သစ်တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်တဲ့အတွက် တရားဝင် ကာကွယ်ပေးနိုင်လိမ့်မယ်လို့ သုတေသနသမားတွေက မျှော်လင့်နေပါတယ်။

အသစ်ဖော်ထုတ်နိုင်တဲ့ မျောက်မျိုးစိတ်သစ်နဲ့ပတ်သက်လို့ မေးခွန်းများစွာ ရှိနေပြီး ကောင်ရေပမာဏ ခန့်မှန်းတာ၊ အပြုအမှုတွေကို လေ့လာတာ အပါအဝင် ပိုမိုအသေးစိတ်ကျတဲ့ သုတေသနတွေ ပြုလုပ်ဖို့ သုတေသနသမားတွေက စီစဉ်နေပါတယ်။

ကိုးကား – ဘီဘီစီ/ Reuter