တရုတ်နိုင်ငံ ပြင်ပမှာတော့ အဲလိုသတ်မှတ်ယူဆသူ အနည်းငယ်သာ ရှိပါတယ်။
ဆင်းရဲတဲ့ လယ်သမားမိသားစုမှာ လာမိုသွန်ဒွတ် (Lhamo Thondup) အမည်နဲ့ မွေးဖွားလာခဲ့တဲ့ ကလေးငယ်တစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေရဲ့ နောက်ကွယ်ရှိ ဆန်းကြယ်တဲ့ နယ်မြေကို ဦးဆောင်ဖို့ ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ ကမ္ဘာ့ထိပ်သီး ငြိမ်းချမ်းရေး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာပါတယ်။
သူဟာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေရသလို နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုတို့ကိုလည်း ရရှိခဲ့ပြီး ရစ်ချက်ဂီးယာ (Richard Gere) ကနေ လေဒီဂါဂါ (Lady Gaga) အထိ နာမည်ကျော် အမာခံပရိတ်သတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရရဲ့ နိုင်ငံရေးဖိအားပေးမှုတို့ ကြီးထွားလာခြင်းနဲ့ အသက်အရွယ်ကြောင့် ခရီးသွားလာဖို့ ခက်ခဲလာခြင်းတို့က သူ့ကို ကမ္ဘာအလယ်မှာ ထင်ရှားမှုမှာ လျော့နည်းလာခဲ့ပါတယ်။ ၂၀၂၀ ကတည်းက သတင်းဌာနတွေရဲ့ အင်တာဗျူးတွေကိုလည်း လက်ခံဖြေကြားခြင်း မရှိတော့ပါ။
သူ့ရဲ့ ကောင်းချီးမင်္ဂလာကို ရယူလိုသူတွေဟာ တောင်းဆုအလံတွေနဲ့ စန္ဒကူးနံ့သာတွေ လွှမ်းခြုံနေတဲ့ အိန္ဒိယမြောက်ပိုင်းရှိ ဒါရမ်ရှာလာမြို့ (Dharamshala) ငယ်လေးကို ခရီးရှည် လာခဲ့ကြရပါတယ်။
တိဗက်လူမျိုးတွေအနေနဲ့ သူ့မရှိတော့တဲ့အချိန် ကြုံတွေ့ရမယ့် ခက်ခဲ့ ခရီးကြမ်းအတွက် ပြင်ဆင်နိုင်ရန် ဒလိုင်းလားမားဘုန်းတော်ကြီးဟာ ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံရေး အာဏာအားလုံးကို စွန့်လွှတ်ထားပါတယ်။
ဒါပေမယ့် အီရန်မှ ယူကရိန်းအထိ ပဋိပက္ခတွေက လူထုရဲ့ အာရုံစိုက်မှုကို ရယူထားပြီး မငြိမ်မသက်ဖြစ်နေတဲ့ ကမ္ဘာ့ကြီးမှာ “တိဗက်လွတ်လပ်ရေး” ကြိုးပမ်းမှုကို ဆက်လက်ရှင်သန်နေစေရေးကိစ္စမှာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။
အသိအမှတ်ပြုမှု လျောနည်းလာတဲ့ကြားမှာ ပြည်ပရောက် တိဗက်အသိုင်းအဝိုင်းဟာ အနောက်နိုင်ငံတွေသို့ ပညာတတ်တွေ ထွက်ခွာခိုလှုံမှုကိုလည်း ရင်ဆိုင်နေရပြီး အဲဒီဒေသတွေမှာပဲ စီးဝင်နစ်မျှောသွားခြင်းက သူတို့ရဲ့ ယဉ်ကျေးမှုကို အားနည်းလာစေပါတယ်။
တိဗက်လူမျိုးတွေဟာ ကွန်မြူနစ်ပါတီက ရွေးချယ်ခန့်အပ်တဲ့ ဒလိုင်းလားမားကို လက်ခံလိမ့်မယ်လို့ ဘေဂျင်အစိုးရက မျှော်လင့်နေချိန်မှာ ပြည်ပရောက်တိဗက်တွေကမူ ပြန်လည်တုံ့ပြန်တိုက်ခိုက်နေကြပါတယ်။
ဒလိုင်းလားမားဘုန်းတော်ကြီးရဲ့ အသက် ၉၀ ပြည့် မွေးနေ့ မတိုင်မီလေးမှာ သူတည်ထောင်ထားတဲ့ Gaden Phodrang Trust အဖွဲ့ကသာ သူရဲ့ လူဝင်စားကိုယ်ပွားကို ဖော်ထုတ်ဖို့ တစ်ခုတည်း လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြည်ပရောက်တိဗက် အစိုးရ (CTA) ဟာလည်း နည်းပညာကို အသုံးပြုပြီး ဒလိုင်းလားမားရဲ့ သတင်းစကားကို ရှင်သန်နေစေဖို့ ကြိုးပမ်းနေပါတယ်။ နိုင်ငံတကာမှ ဒီမိုကရေစီနိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်နေပြီး၊ ဒလိုင်းလားမားရဲ့ အမွေအနှစ်ကို ကာကွယ်မယ့် တရားဝင် ဆက်ခံမှုအတွက် ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက် ဒါရမ်လာရှာမှာ ကျင်းပတဲ့ တိဗက်အဝေးရောက်အစိုးရရဲ့ ဝန်ကြီးချုပ် ကျမ်းကျိန်ပွဲကို အမေရိကန် သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ နောက်လမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် မိုက်ကယ် မက်ကောက ဒလိုင်းလားမားရဲ့ ဆက်ခံမှုဟာ တရုတ်ကွန်မြူနစ်ပါတီက စီရင်လုပ်ပိုင်ခွင့် မရှိဘဲ ပုဂ္ဂလိက ယုံကြည်ကိုးကွယ်မှုရေးရာ ကိစ္စသာဖြစ်တယ်လို့ အသိအမှတ်ပြုမယ့် ပြင်ဆင်ချက်တစ်ရပ်ကို လွှတ်တော်သို့ တင်သွားခဲ့ပါတယ်။
“ဒလိုင်းလားမားဘုန်းတော်ကြီး ပျံလွန်တော်မူရင် ဒါဟာ ကျနော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို တိဗက်လူမျိုးတွေအတွက်လည်း စိတ်နှလုံး ကြေကွဲစရာ ဖြစ်ပါလိမ့်မယ်၊၊ ဒါကြောင့် ဘုန်းတော်ကြီး ကျနော်တို့နဲ့ အတူမရှိတော့မယ့် အချိန်အတွက် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” လို့ ဒလိုင်းလားမားရုံးရဲ့ သံဃာတော် ရဟန်းခံပေးခြင်းဆိုင်ရာ အကြီးအကဲ ရန်တန် ရင်ပိုချီက ပြောပါတယ်။
ဒီနေ့ခေတ်မှာ ဒလိုင်းလားမားဟာ ငြိမ်းချမ်းရေးနဲ့ သည်းခံခြင်းရဲ့ ပြယုဂ်ဖြစ်ပါတယ်။ သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးနဲ့ ကူးစက်တတ်တဲ့ အပြုံးကြောင့် ကမ္ဘာလုံးဆိုင်ရာ ဂရုဏာတရားရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီရာထူးရဲ့ နှစ် ၄၅၀ ကြာ သမိုင်းကြောင်းမှာ ရှုပ်ထွေးပြီး စစ်ပွဲတွေ၊ ကျူးကျော်တိုက်ခိုက်မှုနဲ့ ပြည်တွင်း အာဏာလုမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
၁၆၄၂ ခုနှစ်မှာ ငါးပါးမြောက် ဒလိုင်းလားမားဘုန်းတော်ကြီးဟာ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး ပြိုင်ဘက်ဂိုဏ်းကျောင်းတွေကို ဖိနှိပ်ခဲ့သလို မွန်ဂိုတပ်အင်အားကို အသုံးပြုရင်း တိဗက်ကို ပထမဆုံးအကြိမ်း စုစည်းခဲ့ပါတယ်။ အဆိုပါ ဒလိုင်းလားမားရဲ့ ဆက်ခံသူမှာ ပြိုင်ဘက်ရန်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့ပေ။
၁၉ ရာစုထဲမှာ ဒလိုင်းလားမား လေးပါးဆက်တိုက်ဟာ အရွယ်ရောက်ခါနီးအချိန်မှာ ထူးဆန်းစွာ သေဆုံးခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ်မှာ အခုလက်ရှိ ဒလိုင်းလားမားဘုန်းတော်ကြီးမှာလည်း တရုတ်နီတပ်တွေက သူရဲ့ ပိုတာလာ (Potala) နန်းတော်ကို ဗုံးကြဲခြင်း မပြုမီ ရက်ပိုင်းအလိုမှာ တိဗက်မြို့တော် လာဆာမှ အိန္ဒိယသို့ ထွက်ပြေးခဲ့ရပါတယ်။
ပထဝီနိုင်ငံရေးဟာ ဒလိုင်းလားမားကို ရွေးချယ်ဖော်ထုတ်တဲ့အချိန်က စတင်ပြီး သူ့ဘဝကို သက်ရောက်နေပြီဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်က ၁၃ ပါးမြောက် ဒလိုင်းလားမားပျံလွန်တော်မူပြီးနောက် သူ့ရဲ့ အမွေဆက်ဆံသူကို ရှာဖွေရခြင်းမှာ ဘုရားသခင်ရဲ့ အကူအညီနဲ့ ဖော်ထုတ်ရတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ပါတယ်။
ပျံလွန်တော် မူခဲ့တဲ့ ဒလိုင်းလားမားရဲ့ ဦးခေါင်းမှာ အရှေ့မြောက်ဘက်သို့ စောင့်နေခဲ့တာကို သံဃာတော်တွေက သတိပြုမိခဲ့ချိန်၊ ဂူဗိမာန်ရဲ့ အရှေ့မြောက်ဘက်မှာလည်း မှိုတွေ ထူးဆန်းစွာ ပေါက်လာခဲ့ပါတယ်။
အဲဒီနောက် စိတ်အာရုံအမြင်တွေ ဖြစ်ပေါ်လာခဲ့ပြီး ထူးခြားတဲ့ ရေကန်တစ်ခု၊ ထူးခြားတဲ့ တံစက်မြိတ်နဲ့ အိမ်၊ တိဗက်အက္ခရာ “အေ” တို့ဖြစ်ပါတယ်။ အုပ်ချုပ်ရေးတာဝန်ခံ ပဥ္စမမြောက် ရက်တင်းရင်ပိုချီ (Reting Rinpoche) က အဲဒီအက္ခရာဟာ အဲဒီအချိန်က တရုတ်စစ်ဘုရင်တစ်ဦးရဲ့ သိမ်းပိုက်ခံထားရတဲ့ တိဗက်အရှေ့မြောက်ပိုင်းရှိ အမ်ဒို (Amdo) ပြည်နယ်ကို ရည်ညွှန်းတယ်လို့ ယုံကြည်ခဲ့ပါတယ်။
ရက်တင်း ရင်ပိုချီဟာ အဆင့်မြင့် လားမားဘုန်းတော်ကြီးတွေ ပါဝင်တဲ့ ရှာဖွေရေးအဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ မကြာမီပင် ကြက်ခြံထဲမှာ ဆော့ကစားရတာကို နှစ်သက်ပြီး လာဆာသို့ ခရီးရှည်သွားဖို့ မကြာခဏ ပြောနေတတ်နဲ့ အရွယ်နဲ့ မလိုက်အောင် ထက်မြတ်တဲ့ ၂ နှစ်အရွယ် ကလေးငယ်အကြောင်း ကြားခဲ့ရပါတယ်။
ဒဏ္ဍာရီအရ ရိုးရှင်းတဲ့ အဲဒီအိမ်လေးထဲမှ ကလေးငယ်က ခေါင်းဆောင်သံဃာတော်ကြီးထံသို့ တန်းတန်းမတ်မတ် လျှောက်သွားပါတယ်။ ဒလိုင်းလားမားရဲ့ ပုတီးကို ကြည့်ရင် အရင်က ဒေသခံ တရုတ်စကားသာ ပြောတတ်ခဲ့တဲ့ အဆိုပါကလေးငယ်ဟာ တိဗက်စကားရင်း အတိအကျနဲ့ “ငါ့ပုတီး ပြန်ပေး” လို့ တောင်းဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ ပစ္စည်းအမျိုးမျိုးကို ပြသတဲ့အခါ အဆိုပါကလေးငယ်ဟာ သူရဲ့ အရင်ဘဝက ဘုန်းတော်ကြီးရဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ဒလိုင်းလားမားဆက်ခံသူ ရှာဖွေမှု ပြီးဆုံးခဲ့ပါတယ်။
တရုတ်စစ်ဘုရင်က အဲဒီကလေးငယ်ဟာ ထူးခြားသူဖြစ်တယ်လို့ သိရှိသွားပြီးနောက် အစပိုင်းမှာ ထွက်ခွာခွင့် မပြုခဲ့တဲ့အတွက် ငွေပေးပြီး ခေါ်ဆောင်နိုင်ရေးမှာ နှစ်နှစ်ခန့် အချိန်ယူ၊ ညှိနှိုင်းခဲ့ရပါတယ်။
၄ နှစ်အရွယ်ရှိနေပြီးဖြစ်တဲ့ အဆိုပါကလေးငယ်ဟာ လာဆာမြို့ကို ရောက်ရှိလာချိန်မှာ နန်းတွင်းအရာရှိ နှစ်ဒါဇင်က ရွှေထမ်းစင်နဲ့ ပင့်ဆောင်ခဲ့သလို ဂီတပညာရှင်တွေ၊ စစ်အရာရှိတွေ၊ ဆွေကြီးမျိုးကြီး ဂုဏ်သရေရှိလူတွေ အပါအဝင် လူထောင်ချီပြီး လမ်းမပေါ်ထွက် ကြိုဆိုခဲ့ပါတယ်။
သူ့ဘဝသစ်မှာ ရဟန်းကျင့်ဝတ်တွေ၊ ရှုပ်ထွေးတဲ့ အတွေးအမြင်တွေနဲ့ ထပ်ဖန်တလဲလဲ ကျက်မှတ် အာဂုံ ဆောင်ရခြင်းတွေကြား ပြင်းထန်တဲ့ စစ်ဆေးစမ်းသပ်မှုတွေကို ဖြတ်ကျော်ရပါတယ်။
သူ့ရဲ့ ပညာအစစ်အမှန်ကိုမူ သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ နန်းတွင်းတံမြက်စည်းလှည်းသူတွေဖြစ်ပြီး ၊ ရိုကျို့နှိမ့်ချတတ်တဲ့ ရဟန်းတော်တွေရဲ့ ဝန်ထမ်းတွေထံက ရရှိခဲ့ပါတယ်။ သူတို့ထံကနေ ဒလိုင်းလားမားရာထူးကို ဆက်ခံမယ့် ကလေးငယ်ဟာ အခြေခံအကျဆုံး အမှန်တရားကို သင်ယူခဲ့ရပါတယ်။ တကယ့်ဩဇာအာဏာဟာ ရာထူးဂုဏ်သိမ် အဆင့်အတန်းနဲ့ လူတန်းစားခွဲခြားမှု မဟုတ်ဘဲ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှုမှာ အခြေခံခြင်းဖြစ်ပါတယ်။
အဆိုပါအခြေခံတရားတွေက ဘယ်သူမှ မမျှော်လင့်တဲ့အချိန်မှာ သူ့အတွက် လိုအပ်လာပါလိမ့်မယ်။ အားကောင်းတဲ့ စစ်တပ်ရှိဖို့ လိုအပ်တယ်လို့ သတိပေးထားတဲ့ အရင် ဒလိုင်းလားမားရဲ့ နောက်ဆုံးမှာတမ်းကို ကူးယူနေစဉ်မှာပဲ အကျင့်ပျက်အရာရှိကြီးတွေဟာ စစ်တပ်ရန်ပုံငွေတွေကို အလွဲသုံးစားပြုလုပ်နေတာကို ဒလိုင်းလားမားလေးက သိရှိသွားခဲ့ပါတယ်။ အားနည်းတဲ့ တိဗက်စစ်တပ်ဟာ မကြာမီပဲ သိသာပေါ်လွင်သွားပါတယ်။
၁၉၅၀ ခုနှစ်၊ အောက်တိုဘာလမှာ တရုတ်တပ်တွေက ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ဝရုန်းသုံးကား လူစုရင် ခုခံရတဲ့ တိဗက်စစ်တပ်မှာ အလျင်အမြန် ချေမှုန်းခံခဲ့ရပါတယ်။ တိဗက်အုပ်ချုပ်ရေးတာဝန်ခံဟာ အသက် ၁၅ နှစ်အရွယ် ဒလိုင်းလားမားထံကို သတ်မှတ်ချိန်ထက် ၅ နှစ်စောပြီး နိုင်ငံရေးအာဏာအားလုံးကို လွှဲပြောင်းပေးခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်ကဲ့သို့ အနောက်နိုင်ငံတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် ခေါင်းဆောင် ဒလိုင်းလားမားငယ်ဟာ တရုတ်အစိုးရခေါင်းဆောင် မော်တီတုံနဲ့ ညှိနှိုင်းဆွေးနွေးဖို့ရန် တရုတ်ကို သွားရောက်ခဲ့ပါတယ်။
၁၉၅၉ ခုနှစ် တိဗက်တော်လှန်ရေး ကျရှုံးပြီးတဲ့နောက်မှာ သူဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရပြီး ဒီနေ့အထိ ပြည်ပြေးဘဝကို ရောက်ရှိခဲ့ရပါတယ်။ ဒလိုင်းလားမားရဲ့ နိုင်ငံရေးမှ ဖယ်ရှားခံရမှုဟာ ကမ္ဘာလုံးဆိုင်ရာ ယုံကြည်ကိုးကွယ်ထောက်ခံသူအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
ဒလိုင်းလားမားရဲ့ ထင်ပေါ်ကျော်စောမှုမှာ ဗုဒ္ဓဘာသာဝင်တွေသာမက အခြားဘာသာဝင်တွေနဲ့ ဘုရားမဲ့ ဝါဒီတွေကြားမှာပင် ပျံ့နှံ့ယုံကြည်လက်ခံလာကြပြီး သတိပဌာန်းနဲ့ တရားထိုင်ခြင်းကဲ့သို့ အလေ့အကျင့်တွေကိုလည်း ကမ္ဘာတဝှမ်းရှိ လူသန်းပေါင်းများစွာက ကျင့်သုံးလာကြပါတယ်။
မတူညီတဲ့ အတွေးအခေါ်တွေကို ပေါင်းကူးပေးရင်း ဒလိုင်းလားမားဟာ “ဆော့ဖ်ပါဝါ” ရဲ့ ပြယုဂ်တစ်ခုဖြစ်လာပါတယ်။ သူနဲ့ အတွေးအခေါ်ပိုင်ဆိုင်ရာ ဆန့်ကျင်ဘက်ရှိသူတွေကိုပင် မိစ္ဆာအယူရှိသူတွေအဖြစ် မရှုမြင်ဘဲ “အားနည်းချက်ကိုယ်စီ ရှိကြတဲ့ ညီအစ်ကိုမောင်နှမတွေ” အဖြစ် ခံစားနားလည်နိုင်သူ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်၊ လောကီရေးရာကျင့်ဝတ်၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးတို့အတွက် ဒလိုင်းလားမားဟာ စည်းရုံးလှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
“ငါရဲ့ နံပါတ် ၁ ရည်ရွယ်ချက်က ဘာသာရေးအပေါ်မှာ အခြေမခံဘဲ ငါတို့ရဲ့ အတွင်းစိတ်တန်ဖိုးအပေါ် သတိပြု မိလာအောင် ကြိုးပမ်းဖို့ပါပဲ။ ငါတို့ရဲ့ စိတ်တွေကို လေ့ကျင့်ပေးခြင်းကနေ စိတ်ငြိမ်းချမ်းမှုကို ဘယ်လို ရယူမလဲ ၊ ငါတို့ရဲ့ ဒေါသနဲ့ အကြောက်တရားတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပါပဲ” လို့ ဒလိုင်းလားမား ဘုန်းတော်ကြီးက ၂၀၁၉ ခုနှစ်က ပြောခဲ့ဖူးပါတယ်။
တိဗက်ဗုဒ္ဓဘာသာရဲ့ ဝိရောဓိထူးခြားချက်မှာ လောကီဥာဏ်ပညာ (secular wisdom) နဲ့ ဆန်းကြယ်တဲ့ ဘာသာရေးအခမ်းအနားတွေ (mystical rite) ကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ဘုန်းတော်ကြီးဟာ တစ်နှစ်မှာ အကြိမ်အနည်းငယ် ကုသင်လ (Kuten La) ထံမှ လမ်းညွှန်မှုကို တောင်းခံလေ့ရှိပါတယ်။
ကုသင်လဟာ တိဗက်ရဲ့ ယုံကြည်ကိုးကွယ်မှု ဝိညာဉ်ရေးရာ ကာကွယ်စောင့်ရှောက်သူနဲ့ နတ်မင်းကြီးတစ်ပါးဖြစ်တဲ့ နေချွန် (Nechung) ရဲ့ နုတ်ထွက်စကားကို ပြောကြားပေးရသူဖြစ်ပါတယ်။ ဒါရမ်ရှာလာမြို့ရှိ ကုသင်လရဲ့ ကျောင်းဆောင်အတွင်းမှာ ထင်းရှူနံ့သာ ရနံ့တွေနဲ့ ဗုံတီးသံ၊ ခရုသင်းမှုတ်သံတွေနဲ့ ဖုံးလွှမ်းနေပါတယ်။
အလယ်မှာ ကုသင်လကို ထိုင်နေစေပြီး အခြွေအရံအကူတွေက ပေါင် ၈၀ ခန့် လေးလံမယ့် အခမ်းအနားသုံး အဝတ်တန်ဆာတွေကို ဝတ်ဆင်ပေးကာ ရွှေနဲ့ မှန်တွေနဲ့ ဖန်တီးထားတဲ့ ရှည်လျားတဲ့ ခေါင်းပေါင်းကြီးကို ဆောင်းပေးပါတယ်။ ကုသင်လရဲ့ လည်ပင်းမှာလည်း ပိုးကြိုးတစ်ချောင်းကို တင်းကြပ်စွာ ချည်နှောင်ပေးပါတယ်။
ကုသင်လရဲ့ ခြေလက်တွေ တုန်ယင်လှုပ်ရှားလာပါတယ်။ သူရဲ့ အသက်ရှုပုံမှာ ပုံမှန်မဟုတ်တဲ့ အရှိန်ဖြစ်စဉ်ကို ပြောင်းလဲသွားပါတယ်။ ဝတ်ရုံတန်ဆာတွေ အောက်က သူရဲ့ မျက်နှာမှာ နီရဲလာသလို သူရဲ့ အသိစိတ်မှာမူ သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ပေ။ ကုသင်လဟာ စိတ် တွေဝေမိန့်မောနေတဲ့ အခြေအနေကို ရောက်ရှိလာချိန်မှာ နတ်ဝင်သည်အဖြစ် ထူးခြားတဲ့ စိတ်ဝိဉာဉ်အင်အားတွေနဲ့ စတင်ကခုန်ပါတယ်။
သူက အမိန့်တွေကို ဗလုံးဗထွေးနဲ့ ပြောနေသလို ဓါးကို လက်နဲ့လည်း ကွေးပြပြီး အလွန်ရှေးကျတဲ့ ဒေသိယစကားတွေကို ပြောပါတယ်။ အဲဒါတွေက တိဗက်လူမျိုးတွေနဲ့ ခေါင်းဆောင်တွေကို ပေးပို့လိုတဲ့ လျှိုဝှက်နက်နဲတဲ့ နိမိတ်ဖက်ဟောကြားချက်တွေ ဖြစ်ပါတယ်။
“နေချွန်နတ်မင်းကြီးက ကျနော်ကို ဝင်ပူးတဲ့ အချိန်မှာ စိတ်တည်ငြိမ်မှုတစ်မျိုးကို ခံစားရပါတယ်။ ဒါပေမယ့် သူထွက်ခွာတဲ့အခါမှာတော့ ကျနော်ရဲ့ နှလုံးသားနဲ့ ကြွက်သားတွေ၊ အဆစ်အမြစ်တွေ အနည်းငယ် သက်တောင့်သက်သာ မရှိပဲ ရှိနေတတ်ပါတယ်” လို့ ကုသင်လက ပြောပါတယ်။
ကုသင်လမှတဆင့် နေချွန်နတ်မင်းဟာ Gaden Phodrang Trust က နောက်ဖြစ်လာမယ့် ဒလိုင်းလားမားကို ဦးတည်ရှာဖွေရာမှာလည်း ကူညီပါတယ်။ ဒါပေမယ့် ပြည်ပရောက် တိဗက်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာမှာ ခေါင်းဆောင်မှု လစ်ဟင်းသွားနိုင်တဲ့ အရေးဖြစ်ပါတယ်။ နောက်ထပ်လူဝင်စားကို လပိုင်းအတွင်း တွေ့ရှိခဲ့ရင်းပင် ဒလိုင်းလားမားဆက်ခံသူ အရွယ်ရောက်လာဖို့အတွက် တိဗက်လူမျိုးတွေဟာ အနှစ်နှစ်ဆယ်ခန့် ခေါင်းဆောင်မဲ့တဲ့ ကာလကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
၂၀၁၁ ခုနှစ်က ဒလိုင်းလားမား ဘုန်းတော်ကြီးဟာ သူ့ရဲ့ အုပ်ချုပ်ရေးအာဏာကို ခွဲထုတ်ပြီး ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို ဖန်းတီးပေးခြင်းနဲ့အတူ ပြည်ပရောက်အစိုးရ ယန္တရားကို ဒီမိုကရေစီ နည်းကျအောင် လုပ်ဆောင်ခဲ့ပါတယ်၊၊ ဒါပေမယ့် အသစ်ဖွဲ့စည်းထားတဲ့ ဒီမိုကရက်တစ်ဖွဲ့စည်းပုံမှာ ဒလိုင်းလားမားကဲ့သို့ လူထုကို ဆွဲဆောင်စည်းရုံးနိုင်တဲ့ ဩဇာတိက္ကမ မရှိသေးပေ။
တရုတ်အစိုးရက ဒီအားနည်းချက်တွေကို အပြည့်အဝအသုံးချဖို့ ကြိုးပမ်းနေပါတယ်။ တိဗက်ဒေသမှာ ဘေဂျင်အစိုးရက တိဗက်ဗုဒ္ဓဘာသာကို ဗဟိုရဲ့ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီစေဖို့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ “တိဗက်ဘာသာရေးကို တရုတ်ဇာတ်သွင်းခြင်း” (Sinicization of religion) လှုပ်ရှားမှုကို လုပ်ဆောင်နေပါတယ်။
ဘုန်းကြီးကျောင်းတွေဟာ ကိုးကွယ်ယုံကြည်မှု ဝိဥာဉ်ရေးရာကို လေ့လာတဲ့ နေရာတွေအဖြစ် ကြာရှည် မတည်ရှိနိုင်တော့ဘဲ နိုင်ငံရေးအယူဝါဒ သွက်သွင်းတဲ့ နေရာတွေ ဖြစ်လာပါတယ်။ သံဃာတော်တွေနဲ့ သီလရှင်တွေဟာ မဖြစ်မနေ တက်ရောက်ရတဲ့ မျိုးချစ်စိတ်ဓါတ် မြှင့်တက်ရေးအစီအစဉ်တွေကနေ ကွန်မြူနစ်ပါတီ အတွေးအခေါ်တွေ၊ တရုတ်ဥပဒေတွေနဲ့ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းတွေကို လေ့လာနေကြရပါတယ်။
ကျောင်းသားတွေဟာ ဘုန်းကြီးကျောင်းမှာ ဆက်လက်ပညာသင်ခွင့်ရဖို့ နိုင်ငံရေးစာမေးပွဲတွေကို အောင်မြင်ရပြီး ၁၄ ပါးမြောက် ဒလိုင်းလားမားကို “ခွဲထွက်ရေးသမား”အဖြစ် လူသိရှင်ကြား ရှုတ်ချပြောကြားပေးရပါတယ်။ ပူးပေါင်းပါဝင်မှု သို့မဟုတ် နိုင်ငံရေးစားမေးပွဲတွေကို ငြင်းဆန်ပါက ကျောင်းထုတ်ခံရခြင်း၊ အဖမ်းခံရခြင်း သို့မဟုတ် ကျောင်းတိုက်ကို ပိတ်ပစ်ခြင်းတို့ ကြုံတွေ့ရလေ့ရှိပါတယ်။
ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတိဗက်လူမျိုးတွေဟာ အရင်ဒလိုင်းလားမားတွေရဲ့ ပုံတော်နဲ့ ဗုဒ္ဓသံဃာ ရုပ်ပုံတော်တွေကိုလည်း ရှီကျင့်ဖျင်နဲ့ မော်စီတုန်းတို့ရဲ့ ရုပ်ပုံတွေနဲ့ အစားထိုး ချိတ်ဆွဲဖို့ ဖိအားပေးခံရပါတယ်။
ပြီးခဲ့တဲ့ မတ်လက တရုတ်ကွန်မြူနစ်ပါတီဟာ “တရုတ်လူမျိုးတွေ ခိုင်မာတဲ့ လူမှုအသိုင်းအဝိုင်း စိတ်ဓါတ်ကို မြှင့်တင်ဖို့” လို့ အကြောင်းပြပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မြှင့်တင်ခြင်းဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ပြဌာန်းခဲ့ပါတယ်။ ဝေဖန်သုံးသပ်သူတွေက ဒါဟာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှုတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်ထိန်းချုပ်ချက်တွေ ချမှတ်လာခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
တိဗက်ကလေးငယ်တွေကို ပညာသင်ကြားမှုမှာ တရုတ်ဘာသာစကားနဲ့သာ သင်ကြားမယ့် တရုတ်အစိုးရစီမံတဲ့ အိပ်ဆောင်ကျောင်းတွေကို မဖြစ်မနေ ပို့ခိုင်း၊ သင်ယူစေပါတယ်။ တရုတ်အစိုးရဟာ နောက်မျိုးဆက်သစ် ကလေးငယ်တွေကို တိဗက်ရိုးရာ ဗုဒ္ဓပိဋကကျမ်းစာတွေ ဖတ်ရှုဖို့နဲ့ ဘာသာရေး ဆွေးနွေး ငြင်းခုံမှုတွေ ပြုလုပ်ဖို့ လိုအပ်တဲ့ တိဗက်ဗုဒ္ဓဘာသာစကားကို သင်ယူလေ့လာမှု အားနည်လာအောင် လုပ်ဆာင်နေခြင်းဖြစ်ပါတယ်။
“ကိုယ့်ဘာသာစကားကို မေ့ဖျောက်ခံရရင် ကိုယ့်မျိုးရိုး ကိုယ်ပိုင်လက္ခာဏာကိုလည်း ဆုံးရှုံးရမှာပါ” လို့ တိဗက်ကလေးငယ်များ ကျေးရွာရဲ့ ဥက္ကဌအဖြစ် ၄၂ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဂျက်ဆန်ပီမာ (Jetsun Pema) ပြောပါတယ်။
ဒီလိုအခြေအနေက တိဗက်ဒေသပဲ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ပေ။
– အပိုင်း ၃ ကို စောင့်မျှော်ပါရန်။












































