Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ငလျင်ဒဏ်ကြောင့် နိုင်ငံ့အမွေအနှစ် ၈၀ ထက်မနည်း ပျက်စီးဆုံးရှုံးလို့ NUG ဆို

မနေ့က လှုပ်ခတ်ခဲ့တဲ့ အလွန်အင်အားပြင်း ငလျင်တွေဒဏ်ကြောင့် သက်တမ်းရှည်ကြာပြီး အထင်ကရရှိတဲ့ ရှေ့ဟောင်းအမွေအနှစ် အဆောက်အအုံတွေ၊ စေတီပုထိုးတွေ၊ သာသနိက အဆောက်အအုံနဲ့ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ၈၀ ကျော် ပျက်စီးဆုံးရှုံးရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ မတ်လ ၂၉ ရက်က ထုတ်ပြန်ပါတယ်။

မန္တလေး၊ အင်းဝ၊ အမရပူရ၊ ပုသိမ်းကြီး၊ ကျောက်ဆည်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တို့ရှိ သက်တမ်းရှည်ကြာပြီး အထင်ကရရှိတဲ့ ရှေ့ဟောင်း အမွေအနှစ် အဆောက်အအုံတွေ၊ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေ၊ သဘာဝအမွေအနှစ်တွေ ထိခိုက်ပျက်စီး၊ ပြိုကျမှုတွေ ရှိခဲ့တယ်လို့ NUG အစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်ရှိ သက်တမ်းရာချီရှိတဲ့ ဗလီတွေအပါအဝင် ဘာသာရေးကျောင်းတွေလည်း ပျက်စီး၊ ပြိုကျမှုတွေ ရှိခဲ့တယ်လို့ ကနဦး ကောက်ယူရရှိထားမှုကို အခြေခံပြီး အဲဒီအဖွဲ့က ထုတ်ပြန်လိုက်တာပါ။

ပြင်းအားကြီးတဲ့ မနေ့က ငလျင်တွေကြောင့် အခုတကြိမ်ပျက်စီး ဆုံးရှုံးမှုတွေဟာ အမွေအနှစ် ချစ်မြတ်နိုးသူတို့အတွက် ၊ အစိမ်းရောင်စီးပွားရေး လုပ်ငန်းအတွက်၊ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ချစ်ကြည်ရေး ထောက်ကူမှုတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ အမွေအနှစ်တွေကို နိုင်ငံတကာ ထုံးတမ်းတွေနဲ့အညီ ပြန်လည်ထူထောင်ရေးအတွက် ရရှိနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့က ဆိုပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၃၈၉ ဦးနဲ့ ပျောက်ဆုံး ၃၀အထိ ရှိလာနေတယ်လို့ မတ်လ ၂၉ ရက် နေ့လည်ပိုင်းအထိ စစ်ကောင်စီ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ၊ ၅၀ မီနစ်ခန့်က စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမှာ အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်တဲ့ ငလျင်လှုပ်ခဲ့ပြီး ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာနဲ့ တရုတ်နိုင်ငံတို့ကို သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပထမငလျင်အပြီး ၁၂ မိနစ်ခန့်အကြာ မန္တလေးမြို့၊ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးကို ဗဟိုပြုပြီး အင်အား ၆.၄ ရှိတဲ့ ငလျင်နောက်တကြိမ် ထပ်မံလှုပ်ခဲ့ကြောင်း၊ ယင်းနောက် အင်အားအနည်းငယ်ပြင်းတဲ့ ငလျင် အများအပြား နောက်ဆက်တွဲ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature