ချင်ပန်ဇီ(Chimpanzee) နဲ့ ဘိုနိုဘို (Bonobo) မျောက်ဝံမိခင်တွေက သားသမီး ရင်သွေးတွေ သေဆုံးသွားတဲ့ နောက်မှာလည်း ရက်လပေါင်းများစွာ ဆက်လက်သယ်ဆောင်သွားလေ့ရှိပြီး အဲဒီလို ဘာကြောင့် သယ်ဆောင်သွားရတယ်ဆိုတာကို အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ သုတေသနသစ်အရ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ချင်ပန်ဇီနဲ့ ဘိုနိုဘိုမိခင်တွေရဲ့ သူတို့ရင်သွေးတွေ သေဆုံးသွားပြီးနောက် ဆက်လက်သယ်ဆောင်လေ့ ရှိကြပုံကို “သေဆုံးသွားတဲ့ ရင်သွေးကို သယ်ဆောင်ခြင်း” (Infant Corpse Carrying – ICC) အဖြစ် လူသိ များပါတယ်။
အဲဒီလိုပြုမှုပုံကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အထား၊ မှတ်တမ်းတွေ ရှိထားပြီး ရှင်းလင်းချက်များစွာ အဆိုပြုထားပေမယ့် အရေအတွက်အခြေပြု (quantitatively) သုတေသနပြုချက်တွေမှာ အနည်းငယ်မျှသာ ရှိပါတယ်။
အဲဒီ ICC သယ်ဆောင်ခြင်းဟာ ချင်ပန်ဇီမိခင်နဲ့ သားသမီးတို့အကြား ခိုင်မာတဲ့ သံယောဇဉ်ကြောင့် ဖြစ်နိုင်ချေ များပြီး ရင်သွေးတွေ သေဆုံးရတဲ့ အကြောင်းအရင်းက ချင်ပန်ဇီမိခင်တွေ အချိန်မည်မျှကြာကြာ သယ်ဆောင်ထားတယ်ဆိုတဲ့ လက်ရှိ သုတေသနသစ်က အကိုက်ညီဆုံး တွေ့ရှိချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က Biology Letters ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ အဆိုပါလေ့လာချက်ဟာ တန်ဇန်းနီးယား၊ ယူဂန်ဒါ၊ ဂီနီ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အပါအဝင် အနောက် အာဖရိကနဲ့ အရှေ့အာဖရိက ဒေသအသီးသီးမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ တွေ့ရှိခဲ့တာပါ။
ချင်ပန်ဇီမိခင်တွေဟာ အသက်ပိုကြီးမှ သေဆုံးသွားတဲ့ သားသမီးရင်သွေးတွေကို အသက်ငယ်ငယ်နဲ့ သေဆုံးတဲ့ ရင်သွေးတွေထက် ပိုမိုကြာရှည်စွာ သယ်ဆောင်ထားတယ်လို့ အဆိုပါသုတေသနက ဆိုပါတယ်။
ဒါ့အပြင် ရောဂါကြောင့် သေဆုံးရတဲ့ ရင်သွေးတွေကိုလည်း အခြားသတ္တဝါ သို့မဟုတ် ချင်ပန်ဇီအချင်းချင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ ရင်သွေးတွေထက် ပိုမိုကြာရှည်စွာ သယ်ဆောင်ထားကြတာကို တွေ့ရှိရပါတယ်။
အဆိုပါလေ့လာချက်ဟာ အာဖရိကတိုက်ရှိ သုတေသနစခန်း ၁၅ ခုမှ ထုတ်ပြန်ထားတဲ့ ICC ဖြစ်စဉ်ပေါင်း ၈၃ ခုက ဒေတာအချက်အလက်တွေကို စုစည်းသုတေသန ပြုထားခြင်းဖြစ်ပါတယ်။
ဖြစ်စဉ်တွေမှာ ချင်ပန်ဇီမိခင်တွေဟာ သေဆုံးသွားတဲ့ သားသမီး ရင်သွေးတွေကို မိနစ် ၃၀ ခန့်သာ သယ်ဆောင်တဲ့ ဖြစ်စဉ်ကနေ ရက်ပေါင်း ၁၂၆ ရက်အထိ ကြာရှည်စွာ သယ်ဆောင်တဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။
ချင်ပန်ဇီမိခင်တွေက သေဆုံးသွားတဲ့ ချင်ပန်ဇီရင်သွေးတွေကို သယ်ဆောင်တဲ့ ပျမ်းမျှကြာချိန်မှာ ၁၁ ရက်ခန့် ဖြစ်တယ်လို့ လေ့လာချက်အသစ်ရ သိရပါတယ်။
သိပ္ပံပညာရှင်တွေက ICC ကြာချိန်နဲ့ ပတ်သက်လို့ အယူအဆ ၉ ခုကို ဒေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ကြပါတယ်။
ချင်ပန်ဇီမိခင်ရဲ့ အသက်၊ မိခင်ဖြစ်မှု အတွေ့အကြုံ၊ ရင်သွေးရဲ့ လိင်အမျိုးအစားနဲ့ အခြားချင်ပန်ဇီမိခင်တွေကနေ ချင်ပန်ဇီအချင်းချင်း အဲဒီလို ပြုမှုပုံကို လေ့လာခြင်း ရှိ၊ မရှိတို့ကိုလည်း သုတေသီတွေက လေ့လာခဲ့ပါတယ်။
အဲဒီနောက် ICC ကြာချိန် ပိုမိုရှည်ကြာစေတဲ့ ယုံကြည်စိတ်ချရတဲ့ ခန့်မှန်းတွက်ဆချက် ၄ ခုကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ပထမအချက်မှာ သေဆုံးရတဲ့ အကြောင်းအရင်းဖြစ်ပြီး ရောဂါကြောင့် သေဆုံးတဲ့ ရင်သွေးတွေကို အခြားသတ္တဝါ/ ချင်ပန်ဇီအချင်းချင်း သတ်ဖြတ်မှုကြောင့် သေဆုံးတဲ့ ရင်သွေးတွေထက် ပိုမိုကြာရှည်စွာ သယ်ဆောင်ပါတယ်။
အခြားသေဆုံးမှု အကြောင်းအရင်း အမျိုးအစားတွေက သတ်ဖြတ်ခံရမှုတွေကဲ့သို့ ထင်ရှားတဲ့ ခြားနားကွဲပြားမှုကို မပြသပေ။
ဒုတိယအချက်မှဦ မိခင်နဲ့ ရင်သွေးသံယောဇဉ်ဖြစ်ပြီး အသက်ပိုကြီးတဲ့ ရင်သွေးတွေကို ပိုမိုကြာရှည်စွာ သယ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
တတိယအချက်မှာ ကိုယ်ဝန်ဆောင်မွေးဖွားခြင်းမှာ မြှုပ်နှံစောင့်ရှောက်ရမှုဖြစ်ပြီး ချင်ပန်ဇီမီးဖွားတဲ့ ကာလကွာခြားချိန်မှာ ပိုမိုရှည်ကြာမှုတွေက ICC ကြာချိန်ကို ပိုမိုများပြားတာ တွေ့ရှိရပါတယ်။
နောက်ဆုံးအချက်မှာ အပူချိန်ဖြစ်ပြီး ပိုမိုအေးမြတဲ့ ကာလတွေမှာ ICC ပြုမှုခြင်းက ပိုမိုအချိန် ကြာမြင့်လေ့ရှိတယ်လို့ ဆိုပါတယ်။











































