Connect with us

Hi, what are you looking for?

သတင်း

ချင်းထန်တလန်က မြစ်ချောင်းတွေမှာ ငါးသားဥပေါက်ချိန်ကာလ ငါးဖမ်းဆီးမှု တားမြစ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ရေထွက်သယံဇာတတွေ ရေရှည်တည်တံ့စေရေးနဲ့ ငါးမျိုးစိတ် မပြုန်းတီးစေရေးအတွက် မြစ်ချောင်းတွေမှာ ငါးသားဥပေါက်ချိန်ကာလ နိုဝင်ဘာလ ၃၀ ရက်အထိ ငါးဖမ်းဆီးမှုကို ကန့်သတ် တားမြစ်လိုက်တယ်လို့ Thantlang Peng Council /CDF-Thantlang က ကြေညာပါတယ်။

ချင်းတော်လှန်ရေးအင်အားစု ထန်တလန်မြို့နယ်ကောင်စီ ထိန်းချုပ်ဒေသအတွင်းမှာ ငါး ဥ,ဥ ပြီး သားပေါက်ရာသီဖြစ်တဲ့အတွက် စက်တင်ဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ တားမြစ်တယ်လို့ စက်တင်ဘာလ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီကာလအတွင်း ဥ, ဥ နေတဲ့ ငါးတွေကို ဖမ်းဆီးတာအပြင် လျှပ်စစ်ရှော့တိုက်ငါးဖမ်းမှု၊ ငါးဆေးခတ်နဲ့ အဆိပ်ချ ဖမ်းဆီးမှု၊ ပိုက်နဲ့ ကွန်တွေ အသုံးပြု ဖမ်းဆီးမှု၊ ဒိုက်နမိုက်နဲ့ ဖမ်းဆီးမှုနဲ့ အခြားနည်းလမ်းနဲ့ ငါးဖမ်းဆီးမှုတွေကို လုံးဝ တားမြစ်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ငါးမျိုးစိတ်တွေကို ထိန်းသိမ်းနိုင်ဖို့ အခုလို ယာယီပိတ်ပင်ရခြင်းဖြစ်ပြီး တားမြစ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့နဲ့ တားမြစ်ချက် ဖောက်ဖျက်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မရာ၊ လောက်တူဒေသအပါအဝင် နယ်မြေဒေသတချို့မှာလည်း ငါးရစ်သားဥပေါက်ချိန်ကာလအတွင်း ငါးဖမ်းဆီးမှုကို တားမြစ်အမိန့် ထုတ်ပြန်ထားပါတယ်။