မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတွေကြောင့် စစ်ကိုင်း- ချင်းအစပ် ကလေးနဲ့ ခိုင်ကမ်းမြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာလ ၂ ရက်မှာ ကလေးမြို့၊ တောင်ဖီလာ၊ ကြိုးသုံးပင်၊ သဇင်၊ ပင်လုံ၊ မင်္ဂလာဥယျာဉ်၊ မြို့သာ ရပ်ကွက်တွေမှာ တောင်ကျရေတွေ များပြီး ဥပုသ်ချောင်းရေလျှံမှုတွေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့အတွက် ကျောင်းတွေ ပိတ်ထားရတယ်လို့ သိရပါတယ်။
ခိုင်ကမ်းမြို့မှာလည်း ကွဲချောင်း ရေကြီးရေလျှံမှုကြောင့် Maranatha AG ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း အဆိုပါဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေတယ်လို့ သိရပါတယ်။
ဒီနေ့မှ စက်တင်ဘာလ ၆ ရက်အထိ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်၊ မွန်၊ ရခိုင်၊ ရှမ်းတောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ နေရာကွက်လို့ မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနလည်း ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေခြင်း၊ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင်း တချို့ဒေသတွေမှာ မိုးကြီးနေခြင်းဖြစ်တယ်လို့ မိုးဇလဌာနက ဒီနေ့ စက်တင်ဘာလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသ အနီးမှာ နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနိုင်ဖို့ နှိုးဆော်နေပါတယ်။
ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေလည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထားပါတယ်။











































