Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ဒေသမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှု ရွာ ၄၀ ခန့်မှာ ဖြစ်ပွားနေပြီး လူ ၅ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှု ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ကျေးရွာပေါင်း ၄၀ နီးပါးမှာ ဖြစ်ပွားနေပြီး လူ ၅ ဦးထက်မနည်း သေဆုံးမှု ရှိနေတယ်လို့ ဒေသအဖွဲ့အစည်းတွေထံမှ သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက်မှ စတင်လို့ ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် အခုလို ဒေသခံလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေ ပျက်စီးဆုံးရှုံးရခြင်းဖြစ်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က ဒီနေ့ စက်တင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ အခြေအနေတွေဟာ လက်လှမ်းမိသမျှ ရရှိထားတဲ့ အချက်အလက်တွေကို စုစည်းဖော်ပြထားခြင်းသာဖြစ်ပြီး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေခြင်းနဲ့ အခြားအခက်အခဲတွေကြောင့် ဘေးအန္တရာယ် ဖြစ်ပွားရာဒေသရဲ့ အခြေအနေ အပြည့်အစုံကို လက်ရှိအချိန်မှာ မသိရှိ နိုင်သေးတဲ့အတွက် အမှန်တကယ် ထိခိုက်ပျက်စီးမှုမှာ ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။

အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်အုပ်စု မဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဆိုပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် အဆိုပါဒေသမှာ ကျွဲနွားအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးမှု ရှိနေတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဒေသတချို့မှာ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်း၊ လမ်းတံတားတွေ ပျက်စီးခြင်း၊ ဆက်သွယ်ရေးခက်ခဲခြင်းနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နေတယ်လို့လည်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ကြေညာပါတယ်။

လက်ရှိမှာ အဆိုပါ မိုးသည်းထွန်စွာ ရွာသွန်းမှုတွေကြောင့် မြေနိမ့်ပိုင်းဒေသတွေ၊ တောင်ခြေဒေသတွေ၊ ချောင်း၊ မြောင်းနဲ့ ရေစီးကြောင်းတွေအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှု အန္တရာယ်တွေကို အထူးသတိပြု လိုအပ်ပါတယ်။

ဒေသခံ ပြည်သူတွေအနေနဲ့ –

၁။ မိုးသည်းထန်စွာရွာသွန်းနေချိန်နဲ့ မိုးရွာသွန်းပြီးနောက် တောင်ခြေ၊ တောင်စောင်း၊ မြေပြိုနိုင်သည့်နေရာတွေနဲ့ ချောင်း/မြောင်းအနီးသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုရန်၊

၂။ ရေကြီးရေလျှံနေတဲ့ လမ်း၊ တံတားတွေနဲ့ ရေစီးအားပြင်းသောနေရာတွေကို ဖြတ်သန်းသွားလာခြင်း မပြုရန်၊

၃။ မိမိတို့ နေထိုင်ရာဒေသမှာ ရေမြင့်တက်လာခြင်း၊ မြေပြိုကျလာခြင်း သို့မဟုတ် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေ့ တွေ့ရှိပါက လုံခြုံတဲ့ နေရာသို့ အချိန်မီ ရွှေ့ပြောင်းနေထိုင်ရန်၊

၄။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အကူအညီလိုအပ်သူတွေကို အထူးဂရုပြု၍ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးရန်၊

၅။ မိုးလေဝသနဲ့ သဘာဝဘေးအခြေအနေဆိုင်ရာ အသိပေးချက်တွေကို အမြဲမပြတ် စောင့်ကြည့်နားထောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရန်၊

၆။ ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ လမ်းပျက်စီးခြင်း သို့မဟုတ် အခြားအရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်နေတဲ့ နေရာတွေကို တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မြို့နယ်အဆင့် တာဝန်ရှိသူတွေထံသို့ အချိန်မီ သတင်းပေးပို့ရန် လောင်းလုံးမြို့နယ် ပအဖက အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေ မိမိနဲ့ မိမိမိသားစုရဲ့ အသက်အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးပြီး သဘာဝဘေးအန္တရာယ်တွေအပေါ် ကြိုတင်သတိထားကာ လိုအပ်ပါက အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန် လောင်းလုံးမြို့နယ် ပအဖအဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဒီနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းထွာချက်အရ တနင်္သာရီကမ်းရိုးတန်းနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ မွန်- တနင်္သာရီကမ်းရိုးတန်းတို့မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလဌာန ထံမှ သိရပါတယ်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း အနောက်- အနောက်မြောက်ဘက်သို့ ရွေးလျားနိုင်ပြီး ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။