Connect with us

Hi, what are you looking for?

သတင်း

ထိုင်း- မြန်မာနယ်စပ်၊ သံလွင်မြစ်ပေါ်မှာ ကျွန်းသစ်တွေ ခိုးထုတ်ရောင်းဝယ်မှုတွေ ဖြစ်ပွားနေ

ထိုင်း- မြန်မာနယ်စပ်၊ သံလွင်မြစ်ပေါ်ရှိ ကေအဲန်ယူ – KNU အုပ်ချုပ်မှုနယ်မြေရဲ့ မူတြော်ခရိုင်မှာ ဩဂုတ်လအတွင်း တရားမဝင် ကျွန်းသစ်ခိုးထုတ်နေမှု၊ ကျွန်းသစ်ရောင်းဝယ်နေမှုတွေကို KNU နဲ့ ထိုင်းအာဏာပိုင်တို့က ပူးပေါင်းဖမ်းဆီးရမိမှုတွေ ရှိခဲ့တယ်လို့ Salween Peace Park ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်က မူတြော်ခရိုင်ဘက်ခြမ်းရှိ သံလွင်မြစ်အတွင်းမှာ ကျွန်းသစ်လုံး ၇၆ လုံးပါ သစ်ဖောင်နှစ်စီးကို ဖမ်ဆီးရမိခဲ့ပြီး သစ်ဖောင်တစ်စီးမှာ ၃၁ လုံးနဲ့ အခြားသစ်ဖောင်တစ်စီးမှာ ၄၅ လုံး ရှိခဲ့တယ်လို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် (Salween Peace Park) က စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၆ ရက်ကလည်း မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဆရီယန်းမြို့နယ်၊ မယ်ဝမ်းကျေးရွာအနီးမှာ ထိုင်းဘက်ခြမ်းရှိ၊ သံလွင်မြစ်ကမ်းမှာ ကျွန်းသစ်ဖောင်ကြီးတစ်စီးကို သံလွင်အမျိုးသားဥယျာဉ်နှင့် Ranger Company 3602 တို့ ပူးပေါင်းဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

အဆိုပါကျွန်းသစ်ဖောင်ကြီးမှာ ကျွန်းသစ်လုံး ၆၀ မှ ၇၀ ခန့်အထိ ရှိနိုင်ပြီး ဟောင်းနွးမ်းပျက်စီးနေသော ကျွန်းသစ်တွေကို ဖယ်ထုတ်လိုက်တဲ့အခါမှာ ကျွန်းသစ်လုံးရေ ၅၉ လုံး ဖြစ်တယ်လို့ KNU ၊ မူတြော်ခရိုင်ရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ လုံခြုံရေးရုံးအကြီးအကဲ ဗိုလ်မှူး စောဘူးဂေးက အတည်ပြုထားပါတယ်။

“ထိုင်းတာဝန်ရှိသူတွေက ယင်းဖြစ်ရပ်များသည် နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုကူးသန်းရောင်းဝယ်ရေး ကွန်ယက်တစ်ခုနှင့် ဆက်စပ်ဖွယ် ရှိသည်ဟု သတ်မှတ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေသည်” လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်က ကျွန်းသစ်ဖောင်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်မှာ ဩဂုတ်လ ၂၅ ရက်က မူတြော်ခရိုင်၊ နယ်စပ်ကုန်သွယ်ရေးနဲ့ လုံခြုံရေးရုံး အကြီးအကဲ ဗိုလ်မှူး စောဘူးဂေထံကို ဒေသခံစက်လှေမောင်းသမား တစ်ဦးက သစ်တွေကို ဖောင်နဲ့ တရားမဝင် တင်ပို့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းပေးပို့ခဲ့ကြောင်း သိရပါတယ်။

ဗိုလ်မှူး စောဘူးဂေနဲ့ အဖွဲ့က မြစ်အထက်ပိုင်းကို သွားရောက် ရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ဘဲ ထိုင်းအာဏာပိုင်တွေထံ သတင်းပေးပို့ရာ ၂၅ ရက် ညပိုင်းမှာ ထိုင်းဘက်မြစ်ကမ်းမှာ တွေ့ရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၆ ရက်မှာ KNU နဲ့ ထိုင်းအာဏာပိုင်တို့ဟာ အဆိုပါတရားမဝင် သစ်ခိုးထုတ်မှု၊ ကုန်သွယ်မှုကို ပူးပေါင်းကိုင်တွယ်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂ ရက်မှာလည်း သံလွင်မြစ်မှာ မျောပါနေတဲ့ ကျွန်းသစ် ၁၈ လုံးပါတဲ့ သစ်ဖောင်ကို ထိုင်အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သံလွင် မြစ်ကမ်းနှစ်ဖက်ရှိ ရပ်ရွာလူထုတွေ၊ ရပ်ရွာသစ်တောစောင့်တပ်ဖွဲ့တွေ၊ သစ်တောဌာနတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်နေပြီး သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နဲ့ KESAN တို့က ရပ်ရွာတောစောင့်တပ်ဖွဲ့တွေ ကင်းလှည့်စောင့်ကြည့်မှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ သင်တန်းနဲ့ အကူအညီတွေ ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၅ ရက်ကလည်း မယ်ဆရီယန်းမြို့မှာ သံလွင်အမျိုးသားဥယျာဉ် ကာကွယ်ရေးနယ်မြေကော်မတီ အစည်းအဝးတစ်ရပ်ကို ကျင်းပခဲ့ပြီး အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ရပ်ရွာခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်တွေက သစ်တောအပေါ် ကျရောက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ SMART Patrol လုပ်ငန်းတွေကို ပြန်သုံးသပ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သံလွင်မြစ်ပေါ်ရှိ မဲ့စလဲပ် (Ban Mae Sakep) ကျေးရွာမှာ ဘတ် ၁.၃ သန်း ကုန်ကျမယ့် တရားမဝင် သစ်ဖောင်တွေနဲ့ တခြားနယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်ရေးနဲ့ တားဆီးထိန်းချုပ်ရေးစခန်းတစ်ခု တည်ဆောက်ဖို့ အဆိုပါကော်မတီက ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။

ဆောင်းပါး

ဒီလိုအခြေအနေက တိဗက်ဒေသပဲ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ပေ။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ တိုင်းရင်းသား ၅၆ မျိုး အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံထားပါတယ်။ လက်တွေ့မှာမူ နိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မြစ်ဝါမြစ်ဝှမ်းဒေသ မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ဟန်တရုတ်လူမျိုး အပေါ်မှာ အခြေခံထားပါတယ်။...