နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘိုလီဗီးယာနိုင်ငံမှာ ကြောင်မျိုးရင်းဝင် မျိုးစိတ်သစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကြောင်မျိုးစိတ်သစ်ကို ဒေသခံတွေက Leopardus tilcayo လို့ အမည်ပေးထားပြီး အလေးချိန်မှာ ငါးပေါင်ခန့်ရှိကာ သွယ်လျတဲ့ ခန္ဓာကိုယ်မှာ အစက်အပြောက်တွေ ပါရှိတဲ့ အညိုနုရောင် အမွေးအမျှင်ပေါ်မှာ အမည်းရောင်ရိုဆက် ပန်းပွင့်ပုံအကွက်တွေ တွေ့ရှိရပါတယ်။
အဆိုပါကြောင်မျိုးစိတ်သစ်ဟာ အိမ်မွေးကြောင်အရွယ်အစားအထိ သေးငယ်သွားတဲ့ ကျားသစ်တစ်ကောင်နဲ့လည်း ဆင်တူပြီး အဲဒီမျိုးစိတ်သစ် လေ့လာတွေ့ရှိချက်ကို Current Biology ဂျာနယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်က စတင်ဖော်ပြခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က ဘိုလီဗီးယားနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတစ်ခုမှာ အဆိုပါတောကြောင်ကို ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်က ၁၈ ရာစုနှောင်းပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျားသစ်နဲ့ ဆင်တူတဲ့ Leopardus tigrinus မျိုးစိတ်ဖြစ်မယ်လို့ ဇီဝဗေဒပညာရှင် Paola Nogales-Ascarrunz က National Geographic ကို ပြောပါတယ်။
ဒါပေမယ့် ဘိုလီဗီးယားရှိ အဆိုပါကြောင်မျိုးစိတ်ဟာ Leopardus tigrinus မျိုးစိတ်ရဲ့ လက်ရှိ ရုပ်ပုံဖော်ပြချက်တွေထက် ပိုမိုကြီးမားတဲ့ ရိုဆက်ပန်းပွင့်ပုံ (rosettes) အကွက်တွေ ပါရှိနေတာကို Nogales-Ascarrunz က သတိပြုမိခဲ့ပါတယ်။
အဲဒါကြောင့် မျိုးဗီဇ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မျိုးစိတ်သစ်ဖြစ်နေမှုကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျမတို့ရဲ့ ကမ္ဘာကြီးက လွန်စွာ ရှုပ်ထွေးဆန်းကြယ်ပါတယ်။ တခါတလေ ကျမတို့က ကမ္ဘာကြီးရဲ့ အစိတ်အပိုင်း အများစုကို သိရှိထားပြီးပြီး၊ ရှာဖွေ တွေ့ရှိစရာ သိပ်မကျန်တော့ဘူးလို့ ထင်တင်ကြပေမယ့် လက်တွေ့မှာ အဲဒီလို ဟုတ်မနေပါဘူး” လို့ Nogales-Ascarrunz က ပြောပါတယ်။
လက်ရှိမှာ အဆိုပါ ကြောင်မျိုးစိတ်ဟာ အကောင်ရေ တစ်ကောင်တည်းသာ ရှိနေတာကို အတည်ပြုနိုင်သေးပြီး အခြားအကောင်တွေ ကျန်ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ပါတယ်။











































