ချင်းပြည်နယ်၊ မရာနယ်မြေနဲ့ လောက်တူဒေသတွေမှာ မြစ်ချောင်းတွေထဲ ငါးရစ်သားဥပေါက်ကာလဖြစ်တဲ့အတွက် ငါးဖမ်းဆီးမှုကို တားမြစ်လိုက်တယ်လို့ သိရပါတယ်။
မရာနယ်မြေအတွင်း စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မြစ်ချောင်းတွေမှာ ပိုက်ကွန်ချခြင်း၊ ညအိပ်စောင့်ဆိုင်း ငါးဖမ်းခြင်း၊ ရှော့တိုက်၊ ဓါတုနည်းနဲ့ မိုင်းခွဲ ငါးဖမ်းမှုတွေကို လုံးဝမပြုလုပ်ဖို့ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီက စက်တင်ဘာလ ၄ ရက်၊ နေ့စွဲနဲ့ ကြေညာပါတယ်။
လောက်တူဒေသမှာတော့ ဒေသခံပြည်သူတွေအနေနဲ့ မြစ်ချောင်းအသီးသီးမှာ နယ်မြေအလိုက် ငါးရစ်တက်ချိန် ငါးဖမ်းဆီးခြင်း ပိတ်ပင်မှုကာလ သတ်မှတ်ချက်တွေကို လိုက်နာဖို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၁ ရက်မှာ နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
လောက်တူဒေသမှာ ရေကြောင်း လွှဲခြင်း၊ ပိတ်ခြင်းနဲ့ ရေထုတ် ငါးဖမ်းခြင်း၊ ဒိုင်နမိုနဲ့ မိုင်းအသုံးပြု ငါးဖမ်းခြင်း၊ ခြင်ထောင်နဲ့ ငါးဖမ်းခြင်း၊ ငါးမျိုးပြုန်းတီးစေမယ့် သမာရိုးကျ မဟုတ်တဲ့ ငါးဖမ်းခြင်းနဲ့ ရပ်ရွာက တားမြစ်တဲ့ ကိရိယာအသုံးပြု ငါးဖမ်းခြင်းတို့ကို တားမြစ်ထားပါတယ်။
တားမြစ်ချက်တွေကို ကျူးလွန်ရင် ဘယ်သူမဆို ကျပ်တစ်သိန်းထက်မနည်း၊ ကျပ်ငါးဆယ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ၊ အခြားတည်ဆဲဥပဒေပြစ်ဒဏ်တရပ်ရပ်ကို ဖြစ်စေ၊ ပြစ်ဒဏ်တွေကို ပေါင်းလို့ဖြစ်စ အရေးယူသွားမယ်လို့ ဆိုပါတယ်။











































