တနင်္သာရီကမ်းရိုးတန်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ မွန်- တနင်္သာရီကမ်းရိုးတန်းတို့မှာ ဆက်လက်တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကို ရောက်ရှိမယ်လို့ သိရပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းထွာချက်တွေအရ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ည ၇ နာရီမှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါလေဖိအားနည်း ရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီနေ့ စက်တင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နီ ၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းတောင်ပိုင်းတို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၁၀ ပေမှ ၁၂ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေ မှ ၁၀ ပေခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့တွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိပြုသင့်တယ်လို့ သိရပါတယ်။ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အသိပေးထားပါတယ်။











































