မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် ဟာ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရဲ့ တောင်ဘက်မှ စတင်ဖြတ်ကျော်နေပြီး နောက် ၂၈ နာရီအတွင်း တိုင်းဒေသကြီး ၄ ခုကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလဌာနထံမှ သိရပါတယ်။
ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကျိုက်ထိုမြို့ရဲ့ တောင်ဘက်မှ စတင် ဖြတ်ကျော်နေတယ်လို့ မိုးဇလဌာနက ဒီနေ့ ညနေ ၆ နာရီခွဲတိုင်ထွာချက်တွေအရ ထုတ်ပြန်ပါတယ်။
အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ရန်ကုန်တိုင်း၊ သုံးခွမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၃၅ မိုင်ခန့်၊ ပဲခူးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်နဲ့ ဖြူးမြို့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
လက်ရှိ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ကျိုက်ထိုမြို့ရဲ့ တောင်ဘက်မှ စတင်ဖြတ်ကျော်နေတဲ့အတွက် အညိုရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်းငယ်ရဲ့ ဗဟိုချက် လေဖိအားဟာ ၁၀၀၀ ဟတ်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ရှိနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါအားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လက်ရှိမှာ မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျာနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေးနဲ့ မန္တလေး စတဲ့ တိုင်းဒေသကြီးတွေကို ဆက်လက်ဖြတ်ကျော် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့ညမှ စက်တင်ဘာလ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး ၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်း(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးနိုင်ပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။
လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်သလို ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၉ ပေ မှ ၁၁ ပေခန့်ရှိနိုင်ပါတယ်။
အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် မြစ်ဝကျွန်းပေါ်ဒေသနဲ့ မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသတွေ နေထိုင်ကြတဲ့ ပြည်သူတွေ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ မိုးဇလဌာနက သတိပေး နှိုးဆော်နေပါတယ်။











































