မန္တလေးမြို၊ မန္တလေးတောင်ခြေအနီးက ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှာ မွေးမြူးထားတဲ့ ကျားတွေကနေ ကျားကလေး ၄ ကောင် အောင်မြင်စွာ ပေါက်ဖွားလာတယ်လို့ Yangon Zoo ထံမှ သိရပါတယ်။
တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)က ကျားထီး ဂျက်ဆင်နဲ့ ကျားမ ဝိုင်းချစ်တို့ကနေ မနေ့ည ဩဂုတ်လ ၃၁ ရက် ည ၁၀ နာရီခန့်မှာ တစ်ကောင်၊ ည ၁၀ နာရီ ၅၃ မီနစ်ခန့်မှာ တစ်ကောင်း မွေးဖွားခဲ့ပြီး စက်တင်ဘာလ ၁ ရက် နံနက် ၄ နာရီ ၉ မီနစ်မှာ တစ်ကောင်နဲ့ နံနက် ၅ နာရီမှာ တစ်ကောင်တို့ကို မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
ဒီလိုမွေးဖွားနိုင်ခဲ့တာက တိရစ္ဆာန်ဥယျာဉ်တွေမှာ Animal Collection Plan ကို စနစ်တကျ ရေးဆွဲအကောင်အထည် ဖော်နိုင်ခဲ့ခြင်းကြောင်းလို့ Yangon Zoo ရဲ့ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
ဩဂုတ်လ ၃၀ ရက် နေ့လည် ၁၁ နာရီ ၁၅ မီနစ်မှာလည်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှာ ရေမြင်းပေါက်လေး ၁ ကောင် ကျန်းမာစွာ မွေးဖွားလာတယ်လို့ သိရပါတယ်။
တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတာ နေ့စဉ် အစာကျွေးမွေးခြင်းနဲ့ ကျန်းမာရေး စောင့်ရှောက်ခြင်း သာမက မျိုးဆက်သစ်တွေ စနစ်တကျ စီမံကိန်း ချမှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Htoo Zoos & Gardens Business Unit ဟာ နိုင်ငံခြားသား ပညာရှင်တွေကို ဖိတ်ကြားပြီး သင်ကြားပို့ချတဲ့ သင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေက ရရှိလာတဲ့ အသိပညာ၊ နည်းပညာတွေနဲ့ SEAZA လမ်းညွှန်ချက်တွေကို တိရစ္ဆာန်ဥယျာဉ် အသီးသီးမှာ လက်တွေ့ အသုံးချနေတယ်လို့ Yangon Zoo ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။











































