ချင်းပြည်နယ်၊ ဆဲန်ထန်ဗဟိုကောင်စီဒေသအတွင်း သက်ဆိုင်ရာဌာန၊ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံခွင့်ပြုချက် မရှိဘဲ ခုတ်ထွင်ရှင်းလင်းခြင်း၊ လယ်ယာမြေ ပြုလုပ်ခြင်း၊ တောင်ယာခုတ်ခြင်းနဲ့ နယ်နိမိတ် တိုင်းတာခြင်းတွေ တားမြစ်တယ်လို့ ဆဲန်ထန်ဗဟိုကောင်စီထံမှ သိရပါတယ်။
အဆိုပါတားမြစ်ချက်တွေကို ပြုလုပ်ပါက သက်ဆိုင်ရာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ဩဂုတ်လ ၃၁ ရက်၊ ဆဲန်ထန်ဗဟိုကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ် ကောင်စီအစည်းအဝေး ထုတ်ပြန်ချက်မှာ အဲဒီလို ကြေညာပါတယ်။
ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေမှာ ပူးပေါင်းပါဝင်ခြင်း မပြုဘဲ မိမိတို့ရဲ့ အမျိုးသားရေးနဲ့ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့နဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ကိုလည်း ဆဲန်ထန်ဗဟိုကောင်စီက တိုက်တွန်းပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ လုံခြုံရေးကို ရှေ့ရှုပြီး စစ်အုပ်စုရဲ့ ထောက်တိုင်တွေဖြစ်တဲ့ Non – CDM တွေ၊ ဒလန်တွေကို တော်လှန်ရေးကာလအတွင်း လိုက်နာဖို့ ပြဌာန်းထားတဲ့ သက်ဆိုင်ရာဥပဒေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။
“တရားဥပဒေ စိုးမိုးရေးကို ပြည်သူများ၏ လိုလားချက်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်” လို့ ဆဲင်ထန်ဗဟိုကောင်စီက ဆိုပါတယ်။
ကျင်းပတဲ့ ဆဲန်ထန်ဗဟိုကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ် ကောင်စီအစည်းအဝေးကို ဩဂုတ်လ ၂၈ ရက်က ကျင်းပခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို သုံးသပ်ခြင်းနဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးကောက်တင်မြောက်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။











































