Connect with us

Hi, what are you looking for?

သတင်း

ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် ထားဝယ်မှာ သေဆုံးသူ ၃၀ ကျော် ရှိလာ

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်း လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မိုးအဆက်မပြတ် ရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီးလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် – TNF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၉ ရက်အထိ ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီ ရှိနေဆဲဖြစ်ပြီး သေဆုံးသူစာရင်း ဆက်လက်တိုးပွားလာနိုင်သလို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ TNF ထံမှ သိရပါတယ်။

 ထားဝယ်ဒေသတစ်ခုလုံးမှာ အဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စာရင်းကို ဆက်လက်မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

ကား၊ ဆိုင်ကယ်နဲ့ အခြားစက်ယန္တယား ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှု ရှိနေသလို အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက် သေဆုံးမှုတွေ ရှိနေပြီး အဆိုပါစာရင်းတွေကို ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေမှုဟာ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းမှစတင်လို့ မိုးသည်းထန်စွာ ရွာသွန်းမှု မရှိတော့ဘဲ ဒေသအများစုမှာ ရေပြန်ကျဆင်းသွားပြီးလို့ TNF က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် အချို့ဒေသတွေမှာ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ မလုံခြုံသေးတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

နေရပ်ပြန်လည် နေထိုင်ရေးနဲ့ပတ်သက်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှု၊ မြေပြိုမှုအန္တရာယ်၊ သောက်သုံးရေအရင်းအမြစ်တွေရဲ့ အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့  စစ်လက်နက်ပစ္စည်းတွေ (UXO) ရဲ့ အန္တရာယ်ကို စစ်ဆေးပြီးမှသာ လုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေး စီစဉ်သင့်တယ်လို့ TNF က အသိပေးပါတယ်။

တောင်စောင်းတွေနဲ့ မြေသားတွေ ပြိုကျနိုင်တဲ့အတွက် တောင်ခြေ၊ တောင်စောင်း၊ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ နေထိုင်သူတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူတွေ အထူးသတိပြုကြဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

ထားဝယ်မြို့နယ်ထဲက သဘာဝဘေးဒဏ်နဲ့ပတ်သက်လို့ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို ဒေသခံ ကယ်ဆယ်ရေး အဖွဲ့အစည်း အနည်းငယ်နဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ လုပ်ဆောင်နေရတဲ့အတွက် ဝန်နဲ့ အား လုံးဝ မမျှတတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကလည်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မွန်အပါအဝင် နိုင်ငံတဝန်းက လူမှုကယ်ဆယ်ရေးအဖွဲ့တွေ သဘာဝဘေးဒဏ် ဆိုးရွားစွာ ခံစားနေရတဲ့ ထားဝယ်ဒေသကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လာရောက် ဆောင်ရွက်ပေးဖို့ အဆိုပါ သပိတ်ကော်မတီက တောင်းခံထားပါတယ်။

တဆက်တည်း အာဏာသိမ်းစစ်တပ်အနေနဲ့ လာရောက်ကူညီတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို ဟန့်တားပိတ်ပင်ခြင်း မပြုလုပ်ဘဲ လွတ်လပ်စွာ ကူညီခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။