Connect with us

Hi, what are you looking for?

သတင်း

CEPF ရဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပဥ္မအဆင့်စီမံကိန်း ရန်ပုံငွေအဆိုပြုလွှာတွေ ခေါ်ယူနေ

မြန်မာအပါအဝင် ၆ နိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသေးစားရန်ပုံငွေ (အမေရိကန်ဒေါ်လာ ငါးသောင်း) နဲ့ အကြီးစား ရန်ပုံငွေ (အမေရိကန်ဒေါ်လာ ငါးသောင်းမှ နှစ်သိန်းခွဲ)အထိ ထောက်ပံ့ကူညီမယ့် အဆိုပြုလွှာသစ်တွေကို ထပ်မံခေါ်ယူနေပြီလို့ သိရပါတယ်။

Critical Ecosystem Partnership Fund (CEPF) နဲ့ International Union for Conservation of Nature (IUCN) တို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ အင်ဒို- ဘားမား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ အဆိုပြုလွှာတွေကို စက်တင်ဘာလ ၂၈ ရက်က စတင်ခေါ်ယူနေပြီး လျှောက်လွှာပိတ်ရက်မှာ နိုဝင်ဘာလ ၂ ရက်ဖြစ်ပါတယ်။

အင်ဒို- ဘားမား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ လျှောက်ထားမှုတွေကို မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို၊ တရုတ် စတဲ့ နိုင်ငံတွေ အကျုံးဝင်တယ်လို့ သိရပါတယ်။

အင်ဒို-ဘားမား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နယ်မြေအတွင်းရှိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ ထံကို CEPF ရဲ့ စတုတ္ထအဆင့် စီမံကိန်း အကောင်အထည်ဖော်မှုအဖြစ် အမေရိကန်ဒေါ်လာ ၃.၉ သန်း ထောက်ပံ့ကူညီနေပြီး လက်ရှိ ခေါ်ယူမှုဟာ CEPF ရဲ့ ပဥ္ဂမအဆင့် စီမံကိန်း အကောင်အထည်ဖော်မှု ဖြစ်ပါတယ်။

လက်ရှိမှာ အင်ဒို- ဘားမားနယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ဆောင်ရွက်မယ့် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ စီမံကိန်းတွေအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့တွေ၊ ဒေသလူထုအခြေပြုအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အခြားအရပ်ဖက်အဖွဲ့တွေထံမှ အဆိုပြုလွှာတွေကို CEPF နဲ့ IUCN တို့က လက်ခံနေပါတယ်။

အဆိုပါပြုလွှာ ရန်ပုံငွေ လျှောက်ထားမှုတွေကို အရင်က ရရှိဖူးသူတွေ၊ လက်ရှိ ရရှိထားသူတွေသာမက အရင်က မရရှိဖူးသူ အဖွဲ့သစ်တွေလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

CEPT ရဲ့ အကြီးစားရန်ပုံငွေ အဆိုပြုလွှာတွေကို အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ နဲ့ စပိန်ဘာသာတို့နဲ့ ‌လျှောက်ထားနိုင်ပြီး အသေးစားရန်ပုံငွေ အဆိုပြုလွှာတွေကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် ဘာသာစကားတို့နဲ့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

CEPF ရဲ့ စတုတ္ထအဆင့် စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ ၃.၉ သန်း ထောက်ပံ့ကူညီနေပြီး အဲဒီပမာဏဟာ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ မြန်မာအပါအဝင် ၆ နိုင်ငံမှ ထိန်းသိမ်းရေးအဖွဲ့တွေကို ကူညီမယ့် အမေရိကန်ဒေါ်လာ ၁၀ သန်းအနက် ပထမအသုတ် ထောက်ပံ့ငွေဖြစ်ပါတယ်။

လက်ရှိအဆိုပြုလွှာတွေဟာ အဓိက ဦးစားပေး မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ခြင်း၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ဖြေရှင်းခြင်း၊ ရေရှည်မတည်တံ့နိုင်တဲ့ စားသုံးမှုတွေနဲ့ ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေ အန္တရာယ်တွေကို ဖြေရှင်းခြင်းတို့ကို ရည်ရွယ်ထောက်ပံ့မယ်လို့ သိရပါတယ်။

အဲဒီအဆိုပြုလွှာထဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာစေဖို့အတွက် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင် ကိုက်ညီမှုတွေကို ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဒေသခံလူထု ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ၊ တည်ထောင်ခါစ အဖွဲ့အစည်းအသစ်တွေလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

CEPF ဟာ  l’Agence Française de Développement၊ Conservation International၊ EU ၊ Franklinia ဖောင်ဒေးရှင်း၊ Hans Wilsdorf ဖောင်ဒေးရှင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထောက်ပံ့ရေးအဖွဲ့ (GEF)၊ ကနေဒါအစိုးရ၊ ဂျပန်အစိုးရ၊ Hempel ဖောင်ဒေးရှင်း၊ The Nature Conservancy နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ပူးတွဲဦးဆောင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။