Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒလိုင်းလားမားရဲ့ နောက်ဆုံးတော်လှန်တိုက်ပွဲ (အပိုင်း – ၃ / ဇာတ်သိမ်းပိုင်း)

ဒီလိုအခြေအနေက တိဗက်ဒေသပဲ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ပေ။

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ တိုင်းရင်းသား ၅၆ မျိုး အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံထားပါတယ်။ လက်တွေ့မှာမူ နိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မြစ်ဝါမြစ်ဝှမ်းဒေသ မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ဟန်တရုတ်လူမျိုး အပေါ်မှာ အခြေခံထားပါတယ်။

ဘေဂျင်ရဲ့ တိဗက်အပေါ် ဖိနှိပ်ချုပ်ချုယ်တဲ့ မူဝါဒတွေဟာ ဟောင်ကောင်၊ မွန်ဂိုလီးယား၊ ရှင်းကျန်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ထိုင်ဝမ်တို့ အပါအဝင် တရုတ်ရဲ့ နယ်စပ်ဒေသတွေရှိ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေကို ပိတ်ပင်ပြီး “အမျိုးတစ်ခုတည်း” ( a singular Identity) ဖြစ်ရေးကို သွတ်သွင်းဖို့ ကြိုးပမ်းမှုတွေနဲ့ ဆင်တူတယ်လို့ ဝေဖန်သူတွေက ရှုမြင်ပါတယ်။

“ဒါတွေက အတူတူပါပဲ။ တရုတ်အစိုးရက ငြိမ်းချမ်းရေး၊ ဆွေးနွေးရေး၊ ညှိနှိုင်းရေးတို့ အကြောင်းတွေ ပြောနေပေမယ့် တရုတ်နိုင်ငံမှာက စံနှုန်း နှစ်မျိုး အမြဲတမ်း ရှိပါတယ်” လို့ တိဗက်ပြည်ပရောက် အစိုးရ ခေါင်းဆောင် (Sikyong) က ပြောပါတယ်။

တိဗက်ပြင်ပမှာ တရုတ်အစိုးရရဲ့ ဗျူဟာက ပိုမိုသိမ်မွေ့ရှုပ်ထွေးပါတယ်။ တရုတ်ဟာ သီရိလင်္ကာကနေ မြန်မာအထိ ရှေးဟောင်းဗုဒ္ဓဘာသာနယ်မြေတွေမှာ ပြုပြင်မွမ်းမံဖို့ ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲနေသလို ဗုဒ္ဓဖွားမြင်တော်မူရာ နီပေါနိုင်ငံရှိ လုမ္ဗိနီမြို့ကိုလည်း အထင်ကရ ဘုရားဖူးနေရာအဖြစ် ပြောင်းလဲဖို့အတွက် ဒေါ်လာ ၃ ဘီလီယံ သုံးစွဲခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက တရုတ်နိုင်ငံဟာ ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ကမ္ဘာတဝှမ်းက သံဃာတော်တွေကို ဖိတ်ခေါ်နေခဲ့ပါတယ်။ တရုတ်အစိုးရဟာ ပြည်ပရောက် တိဗက်လားမားတွေကိုလည်း မက်လုံးအမျိုးမျိုးပေးပြီး အဓိက ရည်မှန်းချက်ထားကာ ဆွဲဆောင်လေ့ရှိပါတယ်။

“တိဗက်ပြသနာကို ဖြေရှင်းဖို့ ဒါမှမဟုတ် တိဗက်ယဉ်းကျေးမှုကို ထိန်းသိမ်းဖို့ စိတ်အားထက်သန်မှု မရှိတဲ့ လားမားအချို့ကတော့ တရုတ်အစိုးရနဲ့ ဆက်ဆံ‌ရေး ရှိကြပါတယ်။ ဒါပေမယ့် သူတို့က တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ဒါမှမဟုတ် တိဗက်လူ့အဖွဲ့အစည်းကို ကူညီချင်တဲ့ စိတ်ဆန္ဒမျိုးနဲ့ လုပ်ဆောင်နေတာ မဟုတ်ပါဘူး” လို့ ကိုယ်စားအုပ်ချုပ်သူ (regent) အဖြစ် အစဉ်အလာအရ တာဝန်ယူရတဲ့ ၁၃ ပါးမြောက် ကွန်ဒဲလင်း ရင်ပိုချီ (Kundeling Rinpoche) က ပြောပါတယ်။

ပထဝီနိုင်ငံရေးအရ တရုတ်အစိုးရဟာ ဒလိုင်းလားမားဆက်ခံမယ့် သူအရေးကို အကျိုးစီးပွားအတွက် နိုင်ဖဲအနေနဲ့ အသုံးချနေပါတယ်။ အမှန်မှာ ဒလိုင်းလားမား လူဝင်စားခြင်းအရေးကို တရားဝင် ကြီးကြပ်နိုင်ဖို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အခွင့်အရေးအဖြစ် နိုင်ငံတကာအစိုးရတွေကို ထောက်ခံဖို့ ဖိအာပေးနေခြင်းမှာ  တကယ့်ရည်ရွယ်ချက်က ဘာသာရေးအကြောင်း သက်သက် မဟုတ်ပေ။

အဆိုပါအချက်ကို သဘောတူတဲ့ နိုင်ငံတွေဟာ တိဗက်ကို တရုတ်အစိုးရရဲ့ ထိန်းချုပ်ပိုင်ဆိုင်မှုအဖြစ် လက်ခံရာ ရောက်ပြီး သူတို့နိုင်ငံထဲရှိ ပြည်ပရောက် တိဗက်လူမျိုးတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ပိတ်ပင်ရာ ရောက်ပါတယ်။ သဘောမတူငြင်းဆန်တဲ့ နိုင်ငံတွေကို တရုတ်ပြည်သူတွေရဲ့ ရန်သူအဖြစ် သတ်မှတ်ပါတယ်။

၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်မှာ ဗြိတိန်အစိုးရဟာ တိဗက်ကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပြီး တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ ရာစုနှစ် တစ်ခုကျော်ကြာ ထောက်ခံမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

လပိုင်းအကြာမှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) ဟာ လန်ဒန်ကို သွားရောက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို ဒေါ်လာ ၆၀ ဘီလီယံအထိ မြှင့်တင်ဖို့ သဘောတူခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဒလိုင်းလားမားဟာ သူရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ၂၅ နှစ်ပြည့်အတွက် နော်ဝေနိုင်ငံသို့ သွားရောက်ခဲ့စဉ်မှာလည်း ငါးတင်ပို့မှု ရပ်ဆိုင်းမယ်ဆိုတဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကြောင့် နော်ဝေအစိုးရတစ်ရပ်လုံးဟာ ဒလိုင်းလားမားကို လက်ခံတွေ့ဆုံခြင်း မပြုခဲ့ပေ။

၂ နှစ်အကြာ ဒလိုင်းလားမားဟာ သာသနာရေးခရီးစဉ်အဖြစ် မွန်ဂိုလီးယားကို သွားရောက်ခဲ့စဉ်ကလည်း တရုတ်ရဲ့ ပို့ကုန်အပေါ် မှီခိုနေရတဲ့ ထိုကုန်းတွင်းပိတ်နိုင်ငံကို လက်တုံ့ပြန်တဲ့အနေနဲ့ အခွန်တွေ တိုးမြှင့်ခဲ့ပါတယ်။

“ဒါက ထရိုဂျန်ထောင်ချောက်တစ်ခု (Trojan horse) ပါပဲ။ နိုင်ငံတစ်နိုင်ငံက ဒီကိစ္စအပေါ်မှာ အလျှော့မပေးဘူးဆိုရင် တရုတ်က ပိုပြီးအရေးပါတဲ့ အခြားတစ်ခုကို အလဲအလှယ်အဖြစ် တောင်းဆိုပါတယ်” လို့ ဘားနက်က ပြောပါတယ်။

တိဗက်လူမျိုးတွေကို တရုတ်အလိုကျ ဖမ်းဆီးမှု တိုးမြှင့်လုပ်ဆောင်ပေးနေတဲ့ နီပေါကဲ့သို့ နိုင်ငံတွေကိုလည်း စီးပွားရေးလမ်းကြောင်းတွေကို အသုံးချပြီး အခြားဗုဒ္ဓဘာသာနိုင်ငံတွေကိုပါ စည်းရုံးနေပါတယ်။ တဖက်မှာ တရုတ်ဟာ သူတို့ကိုယ်ပိုင် ဒလိုင်းလားမားဆက်ခံသူကို ရွေးချယ်ပေးမယ့်အချိန်မှာ နိုင်ငံတကာရဲ့ လက်ခံမှုကို ရရှိဖို့အတွက် ကြိုးပမ်းနေပါတယ်။

မွန်ဂိုလီးယား၊ ဘူတန်နဲ့ နီပေါကဲ့သို နိုင်ငံတွေဟာ ဒလိုင်းလားမား ဆက်ခံမယ်သူအရေးမှာ ထောက်ခံကူညီခြင်း မပြုပါက တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုချက်တွေ ပိုမိုကြုံတွေ့ရမှာကို စိုးရိမ်နေကြပါတယ်။

“တိဗက်ဟာ နယ်မြေသိမ်းပိုက်ခံရမှု သက်သက် မဟုတ်ပါဘူး။ ကျနော်တို့ဟာ တိဗက်ကို ကျော်လွန်ပြီး လိုချင်တက်မက်မှုတွေ ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီကို ရင်ဆိုင်နေရတဲ့ ရှေ့တန်းမျက်နှာစာပါ” လို့ CTA ရဲ့ ဒုတိယဥက္ကဋ္ဌ ဒိုမာဆီရင် (Dolma Tsering) က ပြောပါတယ်။

ဒလိုင်းလားမားဟာ သူပျံလွန်တော်မူပြီးနောက် ခေတ်သစ် ဒီမိုကရေစီကသာ သူရဲ့ တိဗက်လူမျိုးကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဒလိုင်းလားမား ဆက်ခံသူအရေး နီးကပ်လာချိန်မှာ တိဗက်အဝေးရောက် လှုပ်ရှားမှု ဆက်လက်ရှင်သန်နိုင်ရေးဟာ ဒီမိုကရက်တက်အင်စတီကျူးရှင်းတွေပေါ်သာမက နိုင်ငံတကာက ဘေဂျင်အစိုးရရဲ့ ဖိအားကို ကြံ့ကြံ့ခံနိုင်ရမယ့် အခြေအနေပေါ်မှာလည်း မူတည်နေပါတယ်။

အဝေးရောက်တိဗက်အစိုးရ (CTA) ဟာ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်မှာ တိဗက်အစိုးရရုံးတွေ ဖွင့်လှစ်ထားပြီး နိုင်ငံတကာကို စည်းရုံးဖို့နဲ့ ပြည်ပရောက် တိဗက်တွေကို စုစည်းဖို့အတွက် နိုင်ငံတစ်ခုရဲ့ သံရုံးတွေအဖြစ် လည်ပတ်နေပါတယ်။

တိဗက်လူငယ်ကွန်ဂရက်အဖွဲ့ ((Tibetan Youth Congress) နဲ့ တိဗက်အမျိုးသမီးအဖွဲ့ (Tibetan Women’s Association) တွေကဲ့သို့ တိဗက်အရပ်ဖက်အဖွဲ့တွေဟာ လူမှုဖူလုံးရေး အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်နေသလို နိုင်ငံတကာက တရုတ်သံရုံးတွေနဲ့ နိုင်ငံတကာဖိုရမ်တွေမှာ ဆန္ဒပြပွဲနဲ့ စည်းရုံးလှုံ့ဆော်ရေးတို့ ပြုလုပ်ကြပါတယ်။

အိန္ဒိယနိုင်ငံထဲမှာ “Why Tibet Matters” ဆိုတဲ့ စာအုပ်ကို လူမှုအသိုင်းအဝိုင်းမှာ အစဉ်စည်းရုံးလှုံ့ဆော်မှု ပြုလုပ်နိုင်ရေးအတွက် ဒေသန္တရ ဘာသာစကား ၁၅ မျိုးနဲ့ ဘာသာပြန်ဆိုထားပါတယ်။

တိဗက်ဗုဒ္ဓဘာသာ နယ်မြေတွေကိုလည်း ပုံမှန်ဝင်ငွေ ရရှိစေဖို့နဲ့ ခရီးသွားတွေရဲ့ စိတ်ထဲမှာ တိဗက်လှုပ်ရှားမှုနဲ့ ရုန်းကန်ကြိုးပမ်းမှုကို သတိရနေစေဖို့အတွက် ခရီးသွားလည်ပတ်စရာ လုပ်ငန်းအဖြစ် မြှင့်တင်ဆောင်ရွက်နေပါတယ်။

ပြည်ပရောက်တိဗက်အစိုးရဟာ ကမ္ဘာတဝှမ်းမှာ နိုင်ငံတကာရောက် တိဗက်လူမျိုးတွေအကြား စည်းလုံးမှုကို ထိန်းသိမ်းဖို့အတွက် တိဗက်ဘာသာစကားနဲ့ ယဉ်ကျေးမှု သင်တန်းပေါင်း ၉၂ ခုကို ရုံးပိတ်ရက်သင်တန်းတွေအဖြစ် ဖွင့်လှစ်ပေးထားပါတယ်။

“ဒါပေမယ့် ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပါ” လို့ ပြည်ပရောက် တိဗက်အစိုးရအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ပြည်ပရောက်တိဗက်အရေးလှုပ်ရှားတွေဟာ နည်းပညာကိုလည်း လေ့လာအသုံးပြုပါတယ်။ ယန်တန် ရင်ပိုချီဟာ အခုအခါမှာ ၁၄ ပါးမြောက် ဒလိုင်းလားမားဘုန်းတော်ကြီးရဲ့ စာအုပ်ပေါင်း ၁၁၀ ကျော်ရှိတဲ့ သွန်သင်ချက်တွေ အားလုံးကို ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲနေပါပြီ။ အဲဒီတွေးခေါ်မှုတွေကို ပြည်သူတွေက ဝိညာဉ်ရေးရာ အကြံဥာဏ်တွေ တောင်းယူနိုင်တဲ့ AI အေဂျင့်တစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။

“ကျနော်တို့က အဲဒီအချက်အလက် အသိပညာတွေကို မတူညီတဲ့ နည်းပညာတွေ၊ နည်းလမ်းတွေ သုံးပြီး ပြန့်ပွားအောင် လုပ်သွားမယ်” လို့ ယန်တန် ရင်ပိုချီက ပြောပါတယ်။

ကုလသမဂ္ဂသာမက ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတချို့ဟာ တိဗက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံမှုတွေကို ကန့်ကွက်ရှုတ်ချတဲ့ အဆိုတွေကို အခါအားလျော်စွာ အတည်ပြုထုတ်ပြန်လေ့ရှိပါတယ်။

၁၉၉၇ ခုနှစ်စတင်ပြီး အမေရိကန်နိုင်ငံဟာ တိဗက်အရေးဆိုင်ရာ အထူးညှိနှိုင်းရေးမှူးတစ်ဦးကို ထားရှိ ဆောင်ရွက်နေပြီး ဥရောပသမဂ္ဂကလည်း အဲဒီလိုပုဂ္ဂိုလ်တစ်ဦး ထားရှိဖို့ တိဗက်ပြည်ပရောက် အစိုးရက စည်းရုံးနေပါတယ်။

အမေရိကန်နိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ တိဗက်ဆိုင်ရာ အပြန်အလှန်အကျိုးပြုရေး အက်ဥပဒေ (Reciprocal Access to Tibet Act)၊ ၂၀၂၀ ပြည့်နှစ် တိဗက်မူဝါဒနဲ့ ထောက်ခံမှုအက်ဥပဒေ (Tibetan Policy and Support Act)နဲ့ ၂၀၂၄ ခုနှစ် တိဗက်အရေး ဖြေရှင်းရေး အက်ဥပဒေ (Resolve Tibet Act) တို့အပါအဝင် တိဗက်အရေးနဲ့ ပတ်သက်လို့ သံတမန်ရေးရာ ဗျူဟာတွေ လမ်းညွှန်းပြီး တိုက်ရိုက် အရေးယူမှုတွေ ချမှတ်နိုင်တဲ့ စည်းနှောင်မှုရှိတဲ့ ဥပဒေတွေကို ပြဌာန်းထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအရ ကွဲပြားမှုတွေ ရှိနေပေမယ့် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတ ဒေါ်နယ်ထရန့်လက်ထက်မှာ အဆိုပါဥပဒေအားလုံးကို ပါတီနှစ်ရပ်လုံးက ထောက်ခံခဲ့ပြီး တချို့ပြဌာန်းချက်တွေမှာ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြပါတယ်။

“ဒါဟာ တိဗက်မှာ ရှန်ဂရီလာ ဒါမှမဟုတ် စာမရီ ဒါမှမဟုတ် တခြားအကြောင်းတွေကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ ဒလိုင်းလားမားက ဒါကို ဖြစ်အောင် လုပ်ခဲ့တာပါ” လို့ ဒိန်းမတ်နိုင်ငံ၊ Aarhus တက္ကသိုလ်မှ ပါမောက္ခ ကမင်မရွန်းဝါနာက ပြောပါတယ်။

ပြည်ပရောက် တိဗက်အသိုင်းအဝိုင်းအနေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုမှာ လက်ရှိ ဒလိုင်းလားမားဘုန်းတော်ကြီး မရှိတော့ချိန် အခုလို ထောက်ခံမှုမျိုးကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ဖြစ်ပါတယ်။

“ဒါက ကြီးမားတဲ့ စိုးရိမ်းစရာပါ၊၊ ဒါပေမယ့် ကျနော်တို့ ရှောင်လွှဲလို့ မရတဲ့အရာပါ။ ဘုန်းတော်ကြီး ကျနော်တို့နဲ့ မရှိတော့တာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာဖြစ်ပေမယ့် လက်တွေ့ဘဝကိုတော့ ရင်ဆိုင်ရမှာပါပဲ” လို့ ဒေရှီလာဒေါ (Geshe Lhakdor) က ပြောပါတယ်။

ပြည်ပရောက်တိဗက်အစိုးရအနေနဲ့ အဆိုပါလက်တွေ့ ရင်ဆိုင်ရမယ့် အခြေအနေကို မိမိတို့အတွက် အကျိုးရှိအောင် ဘယ်လိုပုံဖော်မလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ သူဟာ လွတ်လပ်တဲ့ နိုင်ငံတစ်ခုမှာ ပြန်လည် မွေးဖွားလာမယ်လို့ လက်ရှိ ဒလိုင်းလားမား ဘုန်းတော်ကြီးက မိန့်ကြားထားပြီး အိန္ဒိယ၊ ဘူတန် သို့မဟုတ် မွန်ဂိုလီယားကဲ့သို့ ဒီမိုကရေစီ အာရှနိုင်ငံတစ်ခုမှာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

 ဒါပေမယ့် လွတ်လပ်မှုနယ်မြေလို့ ကိုယ့်ကို ကိုယ် သတ်မှတ်ထားတဲ့ နိုင်ငံဆိုရင်ကောလို့ မေးခွန်းထုတ်ကြည့်ရာ “သေချာတာပေါ့” လို့ ရယ်ရယ်မောမောနဲ့ ကွန်ဒဲလင်း ရင်ပိုချီ (Kundeling Rinpoche) က ပြောပါတယ်။

“ဒလိုင်းလားမားဘုန်းတော်ကြီး အသစ်ဟာ အမေရိကန်မှာလည်း ပြန်လည်မွေးဖွားလာနိုင်ပါတယ်။ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါမေးခွန်းကိုပင် ကုတန်လ (Khten La) ကို ထပ်မံမေးမြန်းတဲ့အခါ ပထဝီနိုင်ငံရေးအရ အဆင်ပြေမယ့် အခြေအနေမှာ တိဗက်ပြင်ပမှာ လူဝင်စားတွေ ပေါ်ထွန်းခဲ့ဖူးတဲ့ သမိုင်းကြောင်းသာဓကတွေကို ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ၁၇ ရာစုက လေးပါးမြောက် ဒလိုင်းလားမားကို မွန်ဂိုလီးယားမှာ မွေးဖွားခဲ့မှုက သူ့ရဲ့ ဆက်ခံမှုဟာ နယ်မြေစုစည်းမှုကို အားကောင်းစေခဲ့ပါတယ်။ ခြောက်ပါးမြောက် ဒလိုင်းလားမားကို ဒီနေ့ခေတ် အိန္ဒိယမြောက်ပိုင်း၊ အနူးနာချယ်ပရောဒေ့ရှ်မှာ မွေးဖွားခဲ့ခြင်းက ဗုဒ္ဓဘာသာအပေါ် မျိုးစေ့ရင်းခံရင်းနှီးမှု ဖြစ်စေပြီး ရာစုနှစ် သုံးခုနီးပါး ကြာပြီးနောက် အခုလက်ရှိ ဒလိုင်းလားမားကို နွေးထွေးစွာ ကြိုဆိုလက်ခံမှု ရရှိစေပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဘေဂျင်အစိုးရကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ ဘယ်နေရာမှာ မွေးဖွားမလဲက မဟာဗျူဟာအရ ဘယ်လိုအရေးပါနေပါသလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကွင်းစ်နဲ့ မင်နီယာပိုလစ်မြို့တွေ ဝန်းကျင်မှာ အဓိက နေထိုင်တဲ့ တိဗက်- အမေရိကန် လူမျိုး ၃၀,၀၀၀ ခန့် ရှိပါတယ်။ ခရစ်ယာန်ကက်သလစ်ဘာသာမှာ အမေရိကန်လူမျိုး ပုပ်ရဟန်းမင်းကြီး ရှိနေပြီဖြစ်ရာ ၁၅ ပါးမြောက် ဒလိုင်းလားမားဘုန်းတော်ကြီးဟာ Timberwolves အသင်းရဲ့ ပရိတ်လည်း ဖြစ်လာနိုင်သလော။

“အမေရိကန်ဟာ လွတ်လပ်တဲ့ နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်” လို့ ကုသင်လက ပြုံးလျက် ပြောပါတယ်။

“ဒါကြောင့် ဘုန်းတော်ကြီးက အဲဒီမှာ ပြန်လည်မွေးဖွားဖို့ အကျိုးရှိနိုင်မယ်လို့ မြင်ရင် အဲဒီမှာ ဖြစ်ပေါ်လာလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ဒလိုင်းလားမားဘုန်းတော်ကြီးက အဲဒီအခြေအနေကို စမ်းသပ်ကြည့်ပြီးပါပြီ။ ၂၀၂၃ ခုနှစ်မှာ အသက် ၈ နှစ်အရွယ် မွန်ဂိုလီးယားမှ ကလေးငယ် အာဂွီဒိုင်း အယ်လ်တန်နာ (Aguidai Altannar) ကို တိဗက်ဗုဒ္ဓဘာသာရဲ့ တတိယအမြင့်ဆုံး ခေါင်းဆောင်ဖြစ်တဲ့ ၁၀ ပါးမြောက် ခါးလ်ခါး ဂျက်ဆန် ဒမ်ပါ ရင်ပိုချီ (Khalkha Jetsun Dhampa Rinpoche) အဖြစ် လက်ရှိ ဒလိုင်းလားမားက သတ်မှတ်ခဲ့ပါတယ်။

တကယ်တော့ အယ်လ်တန်နာဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူရဲ့ နှစ်နိုင်ငံသား ဖြစ်မှုက သံတမန်ရေးရာ အကာအကွယ်တစ်ခုအဖြစ် ရှုမြင်ခံရပါတယ်။

“နောက်တစ်ယောက်ကလည်း တခြားနိုင်ငံသားဖြစ်မယ်ဆိုရင် ဒလိုင်းလားမားအဖွဲ့အစည်းအတွက် အကျိုးရှိပါလိမ့်မယ်၊၊ အဓိကက တိဗက်လူမျိုးဖြစ်ပေမယ့် အိန္ဒိယမြောက်ပိုင်းက မိဘတွေကနေ အမေရိကန် ဒါမှမဟုတ် ဗြိတိန်မှာ မွေးဖွားလာတဲ့ ကလေးမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ ဝါနာ (Warner) က ပြောပါတယ်။

လက်ရှိ ဒလိုင်းလားမားရဲ့ ကိုယ်ခန္ဓာကျန်းမာရေးက အားနည်းနေနိုင်တာ မှန်ပေမယ့် အမြဲတစေ ပြုံးရွင်ရယ်မောနေတတ်တဲ့ အဆိုပါဘုန်းတော်ကြီးရဲ့ စကားက အတည်ဖြစ်နိုင်ပါတယ်။  

တရုတ်နိုင်ငံက တိဗက်မြေကို ပိုင်ဆိုင်ထားပေမယ့် တိဗက်လူမျိုးတွေဟာ သူတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို လွတ်လပ်တဲ့ ကမ္ဘာကြီးမှာ အခိုင်အမာ တည်ဆောက်နေမှုကနေ တိဗက်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုကို ဆက်လက်ရှင်သန်စေပါတယ်။

ဒါက တိဗက်လူမျိုး ယဉ်ကျေးမှုကို ဖျက်ဆီးရန် ကြိုးပမ်းနေတဲ့ အာဏာရှင်အစိုးရထက်ပင် ပိုမိုကြာရှည်စွာ တည်တံ့နေစေမှာပါ။

ကိုးကား – ဇူလိုင်လက Time မဂ္ဂဇင်းမှာ Charlie Campbell ရေးသားတဲ့ His Last stand : China Is Already Trying to Control Who the Next Dalai Lama Will Be ကို စီလျော်အောင် ဘာသာပြန်ဆိုပါတယ်။