မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို (UNESCO) ရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် ယူနက်စကိုအကဲဖြတ်အဖွဲ့ (Evaluation Body) က ကနဦး အတည်ပြုလိုက်ပြီလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်း (Representative List of the Intangible Cultural Heritage of Humanity) မှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ (Practice of Thanakha culture in Myanmar) ကို ထည့်သွင်းသတ်မှတ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်ကတည်းက အဆိုပြုထားတာဖြစ်ပါတယ်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုအကဲဖြတ်အဖွဲ့က စာရင်းသွင်းဖို့ ကနဦး မူကြမ်းတင်သွင်းလိုက်ခြင်းဖြစ်ပြီး ယူနက်စကိုရဲ့ အစိုးရအချင်းချင်းဆိုင်ရာ ကော်မတီက နောက်ဆုံးအတည်ပြုချက်ကို ချမှတ်မှာဖြစ်ပါတယ်။
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအတွက် အဆိုပြုချက်တွေကို ဒီဇင်ဘာလ ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပတဲ့ ယူနက်စကိုရဲ့ အစိုးရအချင်းချင်းဆိုင်ရာ ကော်မတီ အစည်းအဝေးမှာ စိစစ်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ယူနက်စကိုအကဲဖြတ်အဖွဲ့ အဆိုပါဆုံးဖြတ်ချက် မူကြမ်းအရ သနပ်ခါးယဉ်ကျေးမှု အဆိုပြုလွှာဟာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိကြောင်း သုံးသပ်ထားပြီး အဓိက အချက် ၅ ချက် ပါဝင်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ဒီနေ့ နိုဝင်ဘာလ ၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီချက်တွေထဲမှာ သနပ်ခါးဟာ မြန်မာ့လူထုရဲ့ နေ့စဉ်ဘဝမှာ ဟန်ချက်ညီမှု၊ စောင့်ရှောက်မှုနဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်တွေနဲ့ လူမှုရေးလုပ်ငန်းတွေမှာ အဓိက ပါဝင်သလို အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို မိသားစုအတွင်း လက်ဆင့်ကမ်းပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုလို စာရင်းသွင်းနိုင်ခြင်းက သနပ်ခါးရဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ ရိုးရာအနှစ်သာရတွေကို ပိုမိုသိရှိစေဖို့ မြှင့်တင်ပေးနိုင်မှာဖြစ်သလို လူငယ်တွေထံ အသိပညာတွေ လက်ဆင့်ကမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရပ်ရွာလူထုအကြား စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေမှာ ဖြစ်တယ်လို့သိရပါတယ်။
အလားတူ သနပ်ခါးကို မြန်မာ့လူမှု အသိုက်အဝန်း၊ ကျင့်သုံးသူ၊ စိုက်ပျိုးသူ၊ ရောင်းချသူ၊ ပညာရေးအဖွဲ့အစည်းနဲ့ အစိုးရဌာနဆိုင်ရာတွေ ပူးပေါင်းပြီး သနပ်ခါးယဉ်ကျေးမှုကို ပညာပေးအစီအစဉ်၊ ရပ်ရွာပွဲတော်တွေနဲ့ မီဒီယာတွေမှတစ်ဆင့် ထိန်းသိမ်စောင့်ရှောက်လျက် ရှိတယ်လို့ သိရပါတယ်။
#သနပ်ခါး #ယူနက်စကို #UNESCO #ရိုးရာ











































