ကော်သူးလေနယ်မြေ၊ မြိတ်- ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးမြစ်ဝှမ်ဒေသအတွင်းရှိ မြေဧက ၃သိန်းခွဲခန့်ကို ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေအဖြစ် ဧပြီလ ၂၂ ရက်က တရားဝင်သတ်မှတ်ကာ တည်ထောင်နိုင်ပြီလို့ ဒီနေ့ ဧပြီလ ၂၇ ရက်မှာ ကြေညာပါတယ်။
“သဘာဝပတ်ဝန်းကျင်နဲ့ ကျနော်တို့ ခွဲလို့ မရဘူး။ သစ်တော၊ သဘာဝပတ်ဝန်းကျင်တွေနဲ့ ကျနော်တို့ ယှဉ်တွဲနေထိုင်ရမယ်။ ဒါကြောင့် ကျနော်တို့ KNU၊ မြိတ်- ထားဝယ်ခရိုင်အနေနဲ့ ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေကို ဝမ်းသာအားရ ကြိုဆိုထောက်ခံပါတယ်။ ဒီနယ်မြေကလည်း ကျနော်တို့ လက်ရှိ အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ကစယ်ဒိုထိန်းသိမ်းနယ်မြေရဲ့ အစီအစဉ်နဲ့ အိမ်မက်ကို အားဖြည့်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်” လို့ ကေအဲန်ယူ မြတ်- ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောပါတယ်။
ဒေသခံလူထု ၄, ၆၂၂ ဦး (မဲပေးခွင့်ရှိသူ အရွယ်ရောက်သူ စုစုပေါင်းရဲ့ ၈၈ %) ရဲ့ သဘောတူလက်မှတ်ထိုးထောက်ခံမှုနဲ့ ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်မှတဆင့် အဆိုပါနယ်မြေရဲ့ အခြေခံဥပဒေကိုလည်း အတည်ပြုပြဌာန်းနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေထဲမှာ ကျေးရွာ ၂၄ ရွာနဲ့ လူဦးရေ ၁၁,၅၀၀ ကျော် နေထိုင်လျက်ရှိပြီး ဧက ၃၅၈, ၄၉၃ (၁,၄၅၁ စတုရန်းကီလိုမီတာ) ကျယ်ဝန်းတယ်လို့ သိရပါတယ်။
အဆိုပါနယ်မြေထဲမှာ ဒေသခံလူထုက စီမံခန့်ခွဲနေတဲ့ ကျေးရွာပိုင်ဘုံသစ်တော ၁၁ ခု၊ ငါးထိန်းသိမ်းရေးဒေသ ၁၅ ခု၊ ရိုးရာယုံကြည်မှုအရ အထွက်အမြတ်ထားတဲ့ သစ်တော၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ ရောနှော စိုက်ပျိုးတဲ့ ဥယျာဉ် ခြံမြေတွေနဲ့ ပါဝင်ပြီး မြစ်ချောင်း၊ သစ်တော၊ တောင်တန်းတွေနဲ့အတူ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝတဲ့ သက်ရှိနယ်မြေတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေထဲမှာ လမ်းမစီမံကိန်း၊ မြေအောက်သယံဇာတ တူးဖော်ရေးနဲ့ အခြား သဘာဝအရင်းအမြစ် ထုတ်ယူရောင်းချင်ရေးလုပ်ငန်းတွေဟာ အဆိုပါနယ်မြေရဲ့ မြစ်ချောင်း၊ သစ်တော၊ အသက်မွေးဝမ်းကျောင်းစနစ်နဲ့ အထွက်အမြတ်ထားရာ နေရာဒေသတွေအပေါ် ကြီးမားစွာ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
မိမိတို့ရဲ့ ဘိုးဘွာမြေယာကို လက်လွတ်ဆုံးရှုံးပေးရမယ့် အစား သို့မဟုတ် ဖျက်ဆီးခံပေးရမယ့် အစား မိမိတို့ရဲ့ ဓလေ့ထုံတမ်းဥပဒေ၊ ဌာနေအသိပညာနဲ့ ဓလေ့ထုံးတမ်းကျင့်ဝတ်တွေနဲ့အတူ အဲဒီနယ်မြေကို စီမံအုပ်ချုပ်ကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေကို ဧပြီလ ၂၂ မှ ၂၄ ရက်အထိ ကျင်းပတဲ့ အခမ်းအနားအတွင်းမှာ တရားဝင်အတည်ပြု သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။










































