ချင်းပြည်နယ်မှာ ၁၅ နှစ်တာကာလအတွင်း သစ်တောဧက ၇ သိန်းကျော် လျော့နည်းသွားခဲ့တယ်လို့ အာဏာသိမ်း အသွင်းပြောင်း စစ်အစိုးရရဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ပြောပါတယ်။
ဧပြီလ ၂၁ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ကျင်းပတဲ့ လမ်းဘေးဝဲ/ ယာမှာ ဒေသနဲ့ ကိုက်ညီတဲ့ အရိပ်ရ သစ်ပင်တွေ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်အစိုးရရဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ်က အဲဒီလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ချင်းပြည်နယ်ဟာ ၈.၉ သန်းဧက ကျယ်ဝန်းပြီး ၂၀၁၀ ပြည့်နှစ်က သစ်တောဖုံးလွှမ်းမှုမှာ ၅၉. ၅၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၅၁. ၅၈ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ၁၅ နှစ်တာကာလအတွင်း ၇. ၉၄ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
အဆိုပါရာခိုင်နှုန်းဟာ ချင်းပြည်နယ်မှာ သစ်တော ဧက ၇၀၆, ၆၉၆ ဒသမ ၄၄ ဧက ကျော်ကို ပြုန်းတီးပြီး လျော့နည်းကျဆင်းရတယ်လို့ အချက်အလက်တွေအရ သိရှိရကြောင်း အာဏာသိမ်းစစ်အစိုးရရဲ့ သတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။
လူဦးရေ တိုးပွားမှုကြောင့် မြို့ရွာတွေ တိုးချဲ့ခြင်း၊ ရွှေ့ပြောင်းတောင်ယာတွေ လုပ်ကိုင်ခြင်း၊ ထင်းနဲ့ မီးသွေးတွေ အသုံးပြုခြင်းတွေဟာ သစ်တောဖုံးလွှမ်းမှု လျော့နည်းကျဆင်းလာခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
သစ်တောဖုံးလွှမ်းမှု လျော့နည်းကျဆင်းခြင်းမှ ကာကွယ်နိုင်ဖို့အတွက် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်ရမှာ ဖြစ်သလို သစ်ပင်စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒီလုပ်ငန်းကို ချင်းပြည်နယ်ရဲ့ အသွင်းပြောင်း စစ်အစိုးရ အဖွဲ့သစ်ရဲ့ ကနဦး လုပ်ငန်းလို့လည်း မှတ်ယူနိုင်တယ်လို့ ဒေါက်တာ ဝုန်ဆွန်းထန်က ပြောတဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။
အစည်းအဝေးမှာ သစ်တောပြင်ပဖြစ်တဲ့ ရပ်ကွက်၊ လမ်းနဲ့ ကျေးရွာအနီးအနားတွေမှာ သစ်ပင်တွေ စိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။









































