ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာရှိ ငှက်ပျောချောင်းကွင်း အနောက်ဘက်တောထဲမှာ လယ်ယာလုပ်ကိုင်နေတဲ့ မိသားစုကို တောဆင်ရိုင်းတစ်ကောင်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၅ ရက် ညပိုင်းက လယ်ယာလုပ်ငန်းထဲရှိ တဲအတွင်း မိသားစုဝင် ၄ ဦး အိပ်ပျော်နေချိန်မှာ တောဆင်ရိုင်းတစ်ကောင်က ဝင်ရောက်လာပြီး တဲကို ဖြိုဖျက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် တဲအတွင်းရှိ ကလေးငယ် ၁ ဦးနှင့် လင်မယာ ၂ ဦးတို့မှာ နေရာမှာပင် သေဆုံးခဲ့ရပြီး အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးသာ ထိခိုက်ဒဏ်ရာတွေနဲ့ အသက်ဘေးမှ လွတ်မြောက်လာခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကို ဖော်ပြပေးနေတဲ့ သတင်းအထူးတပ်ဖွဲ့ – ပုသိမ်ထံမှ သိရပါတယ်။
ထိခိုက်ဒဏ်ရာတွေနဲ့ လွတ်မြောက်လာတဲ့ မိန်းကလေးငယ်ကို လက်ရှိမှာ ဆေးဝါးကုသမှု ပေးလျက်ရှိတယ်လို့ သိရပါတယ်။
တောစပ်နဲ့ လယ်တဲတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ တောဆင်ရိုင်းအန္တရာယ်ကို ကာကွယ်နိုင်ရန် ညဘက်မှာ မီးပုံ ပြုလုပ်ထားခြင်း၊ အလင်းရောင် ရရှိစေရန် မီးထွန်းလာခြင်းတွေ လုပ်ဆောင်သင့်သလို ဆင်တွေ ရောက်ရှိလာပါက သံပုံးတီးခြင်း၊ ဝါးပိုးဝါးတွေ မီးရှို့ ပေါက်ကွဲသံမြည်စေခြင်းတို့နဲ့ ခြောက်လှန့် မောင်းထုတ်ရမယ်လို့ အကြံပေးထားပါတယ်။
ဆင်တွေကို ဆွဲဆောင်နိုင်တဲ့ စပါး၊ ဆန်၊ ငှက်ပျောသီး၊ ဖရဲသီး၊ ထန်းလျက်နဲ့ ဆား စတဲ့ အရာတွေကို တဲအတွင်းနဲ့ တဲအနီးမှာ အနံ့မထွက်အောင် သိမ်းဆည်းထားသင့်တယ်လို့ ဆိုပါတယ်။
ဆင်ဖြတ်သန်းသွားလာတတ်တဲ့ လမ်းကြောင်းပေါ်မှာ တဲ၊ နေအိမ် ဆောက်လုပ်ခြင်းနဲ့ ဆင်ကျက်စားတဲ့ နေရာတွေမှာ ညအိပ် ညနေ နေထိုင်ခြင်းကို လုံးဝရှောင်ကျဉ်သင့်ပြီး နေထိုင်ဖို့ လိုအပ်ပါက ခိုင်ခံ့သော သစ်ပင်မြင့်ပေါ်မှာ မြင့်မြင့် ဆောက်လုပ်နေထိုင်သင့်တယ်လို့ အသိပေးထားပါတယ်။
ဓါတ်ပုံ – MOI












































