Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီး မြစ်ဆုံစီမံကိန်း ဖော်ဆောင်နိုင်ရေး ပိုမိုအရှိန်မြှင့်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ရဲ့ ဇွန်လက တရုတ်ခရီးစဉ်အပြီး မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်အကောင်အထည် ဖော်နိုင်ရေး ပိုမိုကြိုးပမ်း ဆောင်ရွက်လာနေတယ်လို့ Kachin Human Rights Watch – KHRW ထံမှ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ လက်ရှိကာလတွေမှာ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်စတင်နိုင်ရေးကို ရည်ရွယ်ပြီး ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်မှု အစည်းအဝေးပွဲတွေ ဆက်တိုက်လုပ်ဆောင်လာနေတာကို တွေ့ရှိရတယ်လို့ KHRW က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မှာ ထုတ်ပြန်လာတာပါ။

မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်စတင်နိုင်ရေးအတွက် လူထုစည်းရုံး လှုံ့ဆော်မှုတွေကို အကြိမ် ၅၀ ထက်မနည်း ပြန်လုပ်သွားဖို့ကိုလည်း စီစဉ်နေတယ်တာကိုလည်း သိရှိထားတယ်လို့ KHRW က ဆိုပါတယ်။  

အာဏာသိမ်းအသွင်ပြောင်း စစ်တပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဝင် ၁၀ ဦး ပါဝင်တဲ့ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီဟာ ဇူလိုင်လအတွင်း ဘာသာရေးဆိုင်ရာ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အနည်း ၅ ကြိမ်ထက်မနည်း စည်းရုံးလှုံ့ဆော်ရေးအစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ KHRW ထံမှ သိရပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ သက်ဆိုင်တဲ့ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းတွေမှာ ဒေသခံပြည်သူတွေအနေနဲ့ ပါဝင်ဆောင်ရွက်ခြင်း မပြုကြဖို့ KHRW က ဒီနေ့မှာ ပြည်သူသို့ မေတ္တာရပ်ခံချက်အနေနဲ့လည်း တောင်းဆိုထားပါတယ်။

မြစ်ကြီးနာမြို့အထက်ပိုင်းရှိ မြစ်ဆုံစီမံကိန်းနဲ့၊ မေခနဲ့ မလိခမြစ်ပေါ်မှာ တည်ဆောက်မယ့် စီမံကိန်း ၆ ခု တို့ကို ပြန်စဖို့ စစ်ခေါင်းဆောင်ဟာ တရုတ်ခရီးစဉ် မတိုင်မီနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ အကြိမ်ကြိမ်ပြောခဲ့သလို ပြီးခဲ့တဲ့ ဇွန်လက တရုတ်ခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုမှာလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။