Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်ထဲ ရေချိုငါးမျိုးစိတ်သစ် ရှာဖွေတွေ့ရှိ ၊ “စစ်တောင်းငါးရင်ဘောင်စာ”လို့ အမည်ပေး

ပဲခူးတိုင်း၊ ပြည်မြို့အနီးက စစ်တောင်းမြစ်ထဲမှာ ရေချိုငါးမျိုးစိတ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး တွေ့ရှိရတဲ့ နေရာဒေသကို အမှီပြုကာ “စစ်တောင်းငါးရင်ဘောင်စာ”လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ Laubuka ငါးမျိုးစိတ်ကို အရှေ့တောင်အာရှ သုတေသနအဖွဲ့က စစ်တောင်းမြစ်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၁၉ ခုနှစ်က ငါးသယံဇာတစာရင်းကောက်ယူမှုကနေ စတင်တွေ့ရှိခြင်းဖြစ်ပါတယ်။

PhD မြန်မာကျောင်းသူတစ်ဦးက သုတေသနလုပ်ငန်းတွေကနေ ဒုတိယမြောက် နိုင်ငံတကာ သိပ္ပံစာတမ်း (SCI) အဖြစ် မျိုးစိတ်သစ်တွေ့ရှိခြင်းဖြစ်ပြီး ပုံသဏ္ဍန်ဆိုင်ရာ လက္ခဏာတွေနဲ့ မျိုးဗီဇဆိုင်ရာ အထောက်အထားတွေအပေါ် အခြေခံကာ Journal of Fish Biology မှာ ဒီနှစ် ဧပြီလထဲ ရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံက လူငယ် ထိန်းသိမ်းရေးသမားတစ်ဦးက “ မျိုးစိတ်အသစ် တွေ့ရှိခြင်းဟာ အရေးပါပါတယ်။ ဇီဝမျိုးစိတ်တွေ ကာကွယ်ထိန်းသိမ်းရာမှာ သိပ္ပံနည်းကျ မှတ်တမ်းတင်ခြင်းဟာ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေ တည်ရှိနေမှန်းမသိပဲ မျိုးသုန်းပျောက်ကွယ်ခြင်းကနေ ကာကွယ်လို့မရပါဘူး” လို့ မှတ်ချက်ပေးပါတယ်။

ဇီဝမျိုးစိတ်တွေကို သိပ္ပံနည်းကျ မှတ်တမ်းတင် ဖော်ထုတ်နိုင်ခြင်းဟာ ထိရောက်တဲ့ ဇီဝမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဆင့်ကဲဖြစ်ပေါ်မှုဆိုင်ရာ ဆက်နွယ်မှုတွေနဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆင့်ကဲလေ့လာမှုတွေမှာ အခြေခံကျပြီး အရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တောင်းငါးရင်ဘောင်စာ” Laubuka sittaungensis မျိုးစိတ်အသစ်ကို စစ်တောင်းမြစ်ဝှမ်းထဲမှာ စုဆောင်းရရှိတဲ့ နမူနာ ၂၃ ခုကို အခြေခံပြီး တွေ့ရှိရခြင်းဖြစ်သလို မျိုးဗီဇဆိုင်ရာ ဆန်းစစ်ချက်တွေမှာလည်း မတူညီမှုတွေ ရှိပါတယ်၊ ဒါအပြင် လက္ခဏာ ၆ ခုနဲ့လည်း ခွဲခြားသတ်မှတ်နိုင်တယ်လို့ စာတမ်းမှာ ရေးသားဖော်ပြထားပါတယ်။

မျိုးစိတ်သစ်ဟာ တင်ရေယပ်တောင် (Pelvic-fin) ရှည်လျားပြီး စအိုသို့ ရောက်ရှိခြင်း၊ ထိန်းသိမ်းထားတဲ့ နမူနာတွေရဲ့ ကိုယ်ခန္ဓာဘေးဘက်မှာ ဒေါင်လိုက်အစင်းတွေ ရှိခြင်း၊ ကျောရေယပ်တောင် (Dorsal fin) ရှေ့ပိုင်းရှိ အကြေးခွံ ၁၈–၂၀ ခု ရှိခြင်း၊ စအိုရေယပ်တောင် (Anal fin) ရဲ့ ဆူးတောင့် ၁၇½–၂၀½ ခု ရှိခြင်း၊ အမြှီးရှေ့ ကျောရိုး (Precaudal vertebrae) ၁၅–၁၆ +အမြှီး ကျောရိုး (Caudal vertebrae) ၁၈–၂၀ ခု ရှိခြင်း နဲ့ အောက်မေးရိုး (Lower jaw) ချောမွေ့နေခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

သုတေသနလုပ်ငန်းမှ ရရှိထားတဲ့ ဒေတာတွေကို GenBank ရဲ့ https://submit.ncbi.nlm.nih.gov/subs/genbank/ မှာ မှတ်တမ်းတင်ထားမှာဖြစ်တဲ့အတွက် ဇီဝပထဝီ(Biogeography)၊ ဆင့်ကဲဖြစ်စဉ် (Evolution)၊ ရေချိုငါးမျိုးစိတ်တွေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနဲ့ မျိုးရိုးဗီဇ (Phylogeny) ဆိုင်ရာ သုတေသနတွေမှာ သုတေသီတွေ အသုံးချနိုင်လိမ့်မယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံတဝန်းမှာ ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဥရောပသမဂ္ဂ (EU) က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကနေတစ်ဆင့် ယူရို ၈ သန်းကို အချိန်မီ ထောက်ပံ့ကူညီမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ ကြေညာပါတယ်။ “မြန်မာရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်း...