လာမယ့် ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်အတွင်း နိုင်ငံတဝန်းက တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက မိုးကြီးမယ့် သတိပေးချက် ကြေညာကာ အသိပေးထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေး အားကောင်းလာနိုင်ခြင်းနဲ့ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နဲ့ ရခိုင်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသမှာ နေရာကွက် မိုးကြီးနိုင်ပါတယ်။
ဒီနေ့ ဇွန်လ ၃၀ ရက်၊ နံနက် ၆ နာရီခွဲ တိုင်းထွာချက်တွေအရ မိုးကြီးမယ့် သတိပေးချက် အမှတ်စဉ် (၁/ ၂၀၂၆)ကို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မိုးဇလဌာနက ဆိုပါတယ်။
ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
လှိုင်အမြင့်မှာ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုးဇလဌာနထံမှ သိရပါတယ်။
အဆိုပါမိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောတွေလည်း ကြိုတင် သတိပြုနိုင်ဖို့ နှိုးဆော်နေပါတယ်။
ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိဟာ အခုနှစ် မိုးလယ်ကာလအဖြစ် သတ်မှတ်ထားပြီး မိုးလယ်ကာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်က ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနထံမှ သိရပါတယ်။
အနောက်တောင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားကောင်းနိုင်သလို ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်တယ်လို့ အသိပေးပါတယ်။
မိုးလယ်ကာလ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ ကရင်၊ မွန်နဲ့ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး မကွေး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ချင်းနဲ့ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်လို့ ဆိုပါတယ်။
မိုးလယ်ကာလ ဇူလိုင်နဲ့ သြဂုတ်လတို့မှာ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ စိုးရိမ်ရေမှတ် အသီးသီးထက် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနထံမှ သိရပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့တွင် (၁)ကြိမ်ခန့်နဲ့ ဒုဋ္ဌဝတီ မြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့တွင် (၁)ကြိမ်ခန့်နဲ့ မဒေါက်မြို့မှာ (၂)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂) ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ တွင် (၁)ကြိမ်ခန့် စိုးရိမ်ရေမှတ် အသီးသီးထက် ကျော်လွန်ရောက်ရှိနိုင်ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၂)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့်စီ စိုးရိမ်ရေမှတ် အသီးသီးအထက်ကို ကျော်လွန်ရောက်ရှိနိုင်ပါတယ်။












































