Connect with us

Hi, what are you looking for?

သတင်း

ဇွန်လအတွင်း ဓါတ်မြေဩဇာ၊ ဒီဇယ်ဆီနဲ့ သဘာဝဓါတ်ငွေ့ တင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့် ပြုမယ်

ဓါတ်မြေဩဇာ၊ စက်သုံးဆီ (ဒီဇယ်ဆီ)နဲ့ သဘာဝဓါတ်ငွေ့ တင်သွင်းမှုတွေကို ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိ အခွန်ကင်းလွတ်ခွင့် ပြုပေးသွားမယ်လို့ အသွင်ပြောင်း စစ်တပ်အစိုးရက ကြေညာပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှု စရိတ်တွေ လျော့ကျနိုင်စေဖို့ တို့အတွက် ဓါတ်မြေဩဇာတွေ တင်သွင်းမှုအပေါ် ကောက်ခံမယ့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပေးသွားမယ်လို့ စစ်တပ်အစိုးရရဲ့ ပြန်ကြားရေးဌာနက ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်သုံးဆီ (ဒီဇယ်ဆီ)နဲ့ မောင်းနှင်းရတဲ့ မော်တော်ယာဉ်တွေကို အသုံးပြု သယ်ဆောင်ရတဲ့ အခြေခံစားသောက်ကုန်နဲ့ ကုန်ဈေးနှုန်းတွေကို ထိန်းညှိပေးဖို့ လိုအပ်တဲ့အတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နဲ့ ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း)တို့ကိုလည်း ဇွန်လတစ်လလုံး ကင်းလွတ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လျှပ်စစ် ဓါတ်အား ထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖို့နဲ့ ဓါတ်အားခဈေးနှုန်း သက်သာစေနိုင်ဖို့အတွက် သဘာဝ ဓါတ်ငွေ့ရည် တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင်ဝင်ငွေခွန်တို့ကိုလည်း ဇွန်လ တစ်လလုံး အခွန်ကင်းလွတ်ခွင့် ပြုပေးသွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ကမ္ဘာ့စက်သုံးဆီးဈေးနှုန်း မြင့်တက်နေတဲ့အတွက် ဒီဇယ်ဆီနဲ့ သဘာဝဓါတ်ငွေ့ရည် ဈေးနှုန်းတွေလည်း မြင့်တက်လာနေပြီး အထွေအထွေ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ဖို့အတွက် အခုလို့ အခွန်ကင်းလွတ်ခွင့်ပေး ပေးလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာနမှာ Import Declaration (ID) ဖွင့်လှစ်ပြီး တင်သွင်းတဲ့ ဓါတ်မြေဩဇာ၊ ဒီဇယ်ဆီနဲ့ သဘာဝဓါတ်ငွေ့ရည်တို့ဟာ အခွင့်ကင်းလွတ်ခွင့်မှာ အကျုံးဝင်မယ်လို့ ဆိုပါတယ်။

မြန်မာမှာ ဓါတ်မြေဩဇာ ရှားပါးပြတ်လတ်မှုနဲ့ ဈေးနှုန်း အဆမတန် ကြီးမြှင့်နေမှုတွေကြောင့် ၂၀၂၇ ထဲ စားနပ်ရိက္ခာ အကျပ်အတည်း ပိုဆိုးရွာစေနိုင်လို့ EUနဲ့ WFP က မေလ ၁၈ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

လူထုရဲ့ လက်ရှိ အကျပ်အတည်းတွေဟာ လာမယ့် မိုးသီးနှံ စိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက်လျက်ရှိပြီး မြေဩဇာဈေးနှုန်း မြင့်တက်နေမှုနဲ့ ရရှိမှု အကန့်အသတ်တွေကြောင့် တောင်သူတွေ မြေဩဇာအသုံးပြုမှုကို လျှော့ချနေရပါတယ်။

မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းပါက နိုင်ငံတဝန်းရှိ စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်စေကာ ၂၀၂၇ ခုနှစ်ထဲ နိုင်ငံရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ EU နဲ့ WFP က သတိပေး ထားပါတယ်။