Connect with us

Hi, what are you looking for?

သတင်း

ဒီနှစ်ထဲ မိုးကုတ်ရတနာမြေက ကရက် ၁၁,၀၀၀ ရှိတဲ့ ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိ

အခုနှစ် ဧပြီလ မြန်မာနှစ်ကူးနောင်ပိုင်းကာလမှာ မန္တလေး၊ မိုးကုတ်ရတနာမြေကနေ ကရက် ၁၁,၀၀၀ ရှိတဲ့ ပတ္တမြားကြီး တစ်ပွင့် ရှာဖွေတွေ့ရှိတယ်လို့ အာဏာသိမ်း အသွင်းပြောင်းစစ်အစိုးရက ကြေညာပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းစစ်အစိုးရ ခေါင်းဆောင်တွေဟာ သမ္မတရုံး၊ ဧည့်ခန်းမဆောင်မှာ အဆိုပါပတ္တမြားကို ကြည့်ရှုစစ်ဆေးနေတဲ့ ဓါတ်ပုံတွေနဲ့အတူ စစ်အစိုးရက ဧပြီလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုရှာဖွေတွေ့ရှိတဲ့ ပတ္တမြားဟာ အလေးချိန် ၂, ၂၀၀ ဂရမ် (၁၁,၀၀၀ ကရက်) ရှိပြီး ဒီလို အရွယ်အစား ကြီးမားတဲ့ ပတ္တမြားကို ရှာဖွေတွေ့ရှိဖို့ ရှားပါးခက်ခဲတယ်လို့ ဆိုပါတယ်။

ပတ္တမြားကြီးဟာ ခရမ်းရောင်သမ်းတဲ့ အနီရောင်မှာ အဝါရိပ် ဖောက်ပြီး အရောင်အဆင့်အတန်းအနေနဲ့ ကောင်းမွန်ကြောင်း၊ အလင်းပေါက်အား သင့်တင့်ပြီး ဖန်ရောက်လက် ကောင်းမွန်ကာ ပြုပြင်ထားခြင်း မရှိဘဲ သဘာဝအတိုင်း ရှိနေတဲ့ ပတ္တမြားကြီးဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၀ မှာ အလေးချိန် ၉၉. ၂၅ ဂရမ် (၄၉၆. ၂၅ ကရက်)ရှိတဲ့ နဝတ ပတ္တမြား၊ ၁၉၉၆ မှာ အလေးချိန် ၄၂၉၀ ဂရမ် (၂၁၄၅၀ ကရက်) ရှိ ပတ္တမြားနဲ့ ၂၀၂၂ ခုနှစ်မှာ အလေးချိန် ၅၅၇. ၈၅ ဂရမ် (၂၇၈၉. ၂၅ ကရက်) ရှိတဲ့ နစက ပတ္တမြားတို့ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ပတ္တမြား ၄ ပွင့်လုံးဟာ မိုးကုတ်ဒေသကနေ ထွက်ရှိပြီး သက်ဆိုင်ရာ ပတ္တမြားတစ်ပွင့်ချင်းအလိုင် ဂုဏ်သတ္တိ ထူးခြားချက်တွေ ရှိတဲ့အတွက် အလွန်တန်ဖိုးရှိတဲ့ ပတ္တမြားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၆ ခုနှစ် ရရှိတဲ့ ပတ္တမြားဟာ အလေးချိန်အနေနဲ့ အများဆုံးဖြစ်ပေမယ့် အရောင်နဲ့ အရည်အသွေးနှိုင်းယှဉ်ပါက အခုနောက်ဆုံး တွေ့ရှိရတဲ့ ပတ္တမြားဟာ အရောင်နဲ့ အရည်အသွေး ပိုမိုကောင်းမွန်တာကြောင့် တန်ဖိုးပိုမိုမြင့်မားတယ်လို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ TNLA နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား အပစ်အခတ်ရပ်စဲရေးနဲ့အတူ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို ပြန်ပေးအပ်ရန် သဘောတူညီခဲ့ပြီးနောက် နိုဝင်ဘာလ ၂၉ ရက်မှာ မိုးကုတ်မြို့ကို စစ်အုပ်စုက ပြန်လည်း ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။

TNLA က မိုးကုတ်မြို့ကို လက်လွှတ်ပေးလိုက်ပြီးနောက် NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ မိုးကုတ်မြို့ ပြန်လည်း ရရှိရေး တိုက်ပွဲဖော်ဆောင်ပေမယ့် စစ်တပ်ရဲ့ အင်အားအလုံးအရင်းနဲ့ ခုခံမှုကြောင့် ယာယီဆုတ်ခွာထားရတယ်လို့ သိရပါတယ်။