Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံမြောက်ပိုင်း၊ ကချင်က ရေအားလျှပ်စစ်ကို တောင်ပိုင်းအထိ ဖြန့်ဖြူးမယ့် ဓါတ်အားလိုင်းကွန်ယက် တရုတ်အကူအညီနဲ့ တည်ဆောက်ဖို့ ဆွေးနွေး

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲက ရေအားလျှပ်စစ်စီမံကိန်းတွေ ပြီးစီးပါက နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ ဓါတ်အားလိုင်းကွန်ယက် တည်ဆောက်ရန် စီမံဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်အစိုးရအဖွဲ့၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။

တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်အစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးက ဧပြီလ ၁၃ ရက်မှာ အဲဒီလို ထုတ်ပြန်ပါတယ်။

စစ်အစိုးရဝန်ကြီး ဦးကိုကိုလွင်ဟာ အဆိုပါနိုင်ငံတွေကို သင်္ကြန်ကာလ ဧပြီလ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်ကြာခရီး သွားရောက်နေတာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်အစိုးရရဲ့ ဝန်ကြီးအဖွဲ့ဟာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တရုအစိုးရပိုင် ကုမ္ပဏီတွေ ဖြစ်တဲ့ China Southern Power Gird၊ Yunnan Energy Group၊ Union Resources & Engineering Co., Ltd၊ Yunnan Xianshang Export and Import Co., Ltd တို့နဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အစိုးရအဖွဲ့နဲ့ China Southern Power Grid တို့ တွေ့ဆုံဆွေးနွေးရာမှာ တရုတ်- မြန်မာ နယ်စပ်ဖြတ်ကျော် ဓါတ်အားလိုင်း ဆောင်ရွက်နေမှုအခြေအနေတွေ၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းတွေ ပြီးစီးပါက တောင်ပိုင်းဓါတ်အားသုံးစွဲတဲ့ ဒေသတွေအထိ ဓါတ်အား ပေးပို့နိုင်ဖို့ ဓါတ်အားလိုင်းကွန်ယက် တည်ဆောက်ရန် ကြိုတင် အစီအမံ ပြုလုပ်ပြီး စီမံချက် ရေးဆွဲသွားရန် လိုအပ်မှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်တလျှောက်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ဖို့ စီမံထားရှိမှုအခြေအနေတွေ၊ လာအို- မြန်မာ ဖြတ်ကျော် ဓါတ်အားလိုင်း တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကိုလည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ စစ်အုပ်စုတို့အကြား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တွင်း ဓါတ်အား ဖြန့်ဖြူးရေးမှာ ဓါတ်အား ပျောက်ဆုံးမှု လျော့ကျစေရေး ဦးစားပေး ဆောင်ရွက်လိုတဲ့ အခြေအနေတွေ၊ စက်သုံးဆီ သုံးစွဲမှု လျော့ကျစေရေး EV Charging Stations တွေကို ဆိုလာနဲ့ ပေါင်းစပ်ပြီး မြန်မာဓါတ်အား စနစ်နဲ့ ကိုက်ညီတဲ့ စနစ်ဒီဇိုင်းတစ်ခုကို ဆောင်ရွက်သွားလိုတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးတယ်လို့ အာဏာသိမ်း စစ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ကွန်ဂရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ မဂ္ဂါဝပ် ၅၆၀၀ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းအဖြစ် ပုံစံပြောင်းလဲဆောက်လုပ်မယ်လို့ အာဏာသိမ်းစစ်အုပ်စုက ဆိုပါတယ်။

လက်ရှိမှာ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ရန် အလျင်အမြန် ပြင်ဆင်လုပ်ဆောင်ခြင်းအပေါ် ဒေသခံပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြင်းထန်စွာ ကန့်ကွက်နေပါတယ်။