ချင်းပြည်နယ်၊ မရာနယ်မြေမှာ ဒေသခံလူထုရဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေမြေသယံဇာတတွေ ကာကွယ်ထိန်းသိမ်း နိုင်ရေးအတွက် စိုက်ပျိုးရေးသုံး ဓါတုဆေးဝါးတွေ အသုံးပြုမှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတို့ကို မေလ ၁၄ ရက်မှစတင်ကာ တားမြစ်လိုက်ပြီလို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) က ကြေညာပါတယ်။
ကျေးရွာ/ဒေသအတွင်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ အဆိပ်ပါ ဓါတုဆေးဝါးတွေ အသုံးပြုခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့ကို လုံးဝ တားမြစ်မိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါ တားမြစ်ချက်တွေကို လိုက်နာကြဖို့နဲ့ ဖောက်ဖျက်ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း ပူးပေါင်းကူညီ လိုက်နာပေးကြဖို့ကိုလည်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံနေပါတယ်။
မရာနယ်မြေအတွင်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ အဆိပ်ပါ ဓါတုဆေးဝါးတွေ အသုံးပြုမှုကြောင့် လူထုရဲ့ ကျန်းမာရေး ထိခိုက်မှု၊ မြေဆီလွှာ ပျက်စီးမှု၊ သောက်သုံးရေး အဆိပ်သင့်မှု၊ မွေးမြူးရေးတိရစ္ဆာန်တွေ သေဆုံးမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်ပေါ်လာနေတယ်လို့ MTC ထံမှ သိရပါတယ်။
အဆိုပါဓါတုဆေးဝါးတွေဟာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအပေါ် ဆိုးဝါးတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်သလို ရေရှည်မှာ ဒေသခံလူထုရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ ဆိုပါတယ်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) ချင်းကာကွယ်ရေးတပ်ဖွဲ့ဟာ မရာနယ်မြေထဲက လိုင်လင်းပီမြို့အပါအဝင် ကျေးရွာဒေသအများစုကို ထိန်းချုပ်ထားပြီး တော်လှန်ရေးကာလ အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။










































