မိုးဦးကာလအဖြစ် မြန်မာနိုင်ငံထဲကို အနောက်တောင်မုတ်သုံလေဟာ ဒီနေ့ မေလ ၁၃ ရက်မှာ စတင်ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။
နိုင်ငံတောင်ပိုင်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို မုတ်သုံလေ ဝင်ရောက်လာချိန်အတွင်းမှာ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ လေဖီအားနည်း ရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီနေ့ မေလ ၁၃ ရက် ၁၂ နာခွဲတိုင်းထွာချက်တွေအရလည်း ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ၎င်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတိုမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမို အားကောင်းလာပြီး အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မေလ ၁၃ ရက်မှ ၁၈ ရက်အတွင်း နိုင်ငံတောင်ပိုင်းဒေသ၊ မေလ ၁၉ ရက်မှ၂၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မေလ ၂၅ ရက်မှ ၃၀ ရက်အတွင်း နိုင်ငံ့အလယ်ပိုင်းဒေသ၊ မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်အထိ နိုင်ငံ့မြောက်ပိုင်းဒေသတွေကို အသီးသီးဝင်ရောက်နိုင်တယ်လို့ မိုးဇလကထံမှ သိရပါတယ်။
“ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့် အတင့်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်” လို့ အသိပေးထုတ်ပြန်ပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်အတွင်း နိုင်ငံတဝန်းလုံးကို ဝင်ရောက်နိုင်ပြီး အောက်တိုဘာလ ဒုတိယပတ်ထဲမှာ နိုင်ငံတဝန်းလုံးမှ ပြန်လည်ဆုတ်ခွာဖွယ် ရှိတယ်လို့ သိရပါတယ်။
မိုးဦးကာလမှာ နိုင်ငံအတွင်း အနောက်တောင်မုတ်သုံလေ စတင် ၀င်ရောက်တဲ့ မေလ ၁၃ ရက်မှ ဇွန်လကုန်အထိ ဖြစ်ပြီး မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်သလို (၂) ကြိမ်က ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီကာလမှာ အနောက်တောင်မုတ်သုံလေဟာ အားအသင့် အတင့်မှ အားကောင်းနိုင်ပြီး မိုးရွာသွန်းမှုအခြေအနေက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ မွန်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်သလို နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးလယ်ကာလဟာ ဇူလိုင်လ ၁ ရက်မှ သြဂုတ်လကုန်အထိ ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်သလို (၂) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီကာလမှာ အနောက်တောင်မုတ်သုံလေဟာ အားကောင်းနိုင်ပြီး မိုးရွာသွန်းမှု အခြေအနေက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နဲ့ ရခိုင်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်သလို နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင၊ ကရင်နီ၊ ချင်းနဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးနှောင်းကာလဟာ စက်တင်ဘာလ ၁ ရက်မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာတဲ့ နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားအသင့်အတင့် ရှိနိုင်ပြီး မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
မိုးရာသီကာလမှာ နိုင်ငံတဝန်းက မြစ်၊ ချောင်းတွေမှာ မြစ်ရေကြီးမှု၊ ရေကြီးရေလျှံမှုတွေနဲ့ မြစ်ကမ်းပါး ပြိုမှုတွေ ဖြစ်ပွားနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။










































