Connect with us

Hi, what are you looking for?

သတင်း

မဲခေါင်မြစ်မှာ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၂၇၀၀ ကျော်ထုတ်ဖို့ စစ်အုပ်စုနဲ့ လာအိုအစိုးရတို့ စတင်

မြန်မာနဲ့ လာအိုက မဲခေါင်မြစ်ကြောင်းကနေ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၂၇၉၀ အထိ ထွက်ရှိနိုင်မယ့် စီမံကိန်း ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုတွေကို ၃ နှစ်နီးပါးအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုနဲ့ လာအိုအစိုးရတို့ သဘောတူညီမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လာအိုနိုင်ငံခရီးစဉ်အတွင်း ဇူလိုင်လ ၄ ရက်က ဗီယင်ကျန်းမြို့ရှိ Crowne Plaza Hotel မှာ မဲခေါင်မြစ်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရန် ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့ စစ်အစိုးရရဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

မြန်မာနဲ့ လာအိုနယ်စပ်မှာ ရှိတဲ့ မဲခေါင်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းတွေအတွက် စူးစမ်းလေ့လာမှုကို မြန်မာဘက်မှ Primus Sapphire Power Co., Ltd. နဲ့ လာအိုဘက်မှ Phongsupthavy Group Sole Co., Ltd. တို့ ပူးတွဲလုပ်ဆောင်မှာဖြစ်ပြီး အဆိုပါကုမ္ပဏီတွေကို သက်ဆိုင်ရာနိုင်ငံတွေက ရွေးချယ်အဆိုပြုတယ်လို့ သိရပါတယ်။

အဆိုပါရေအားလျှပ်စစ်စီမံကိန်းဟာ ခန့်မှန်းတပ်ဆင်အင်အား ၂၇၉၀ မဂ္ဂါဝပ်အထိ ထွက်ရှိနိုင်မယ့် စီမံကိန်းဖြစ်ပြီး ဖြစ်နိုင်ခြေ လေ့လာမှု လုပ်ငန်းကို ၃၄ လအတွင်း ပြီးစီစေရန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ မဲခေါင်မြစ်ဟာ မြန်မာဘက်မှာ ရှမ်းပြည်နယ်နဲ့ လာအိုနိုင်ငံတို့ကြားမှာ ကီလိုမီတာ ၂၃၄ အရှည်နဲ့ ဖြတ်သန်းစီးဆင်းပြီး မြန်မာနဲ့ လာအိုနိုင်ငံတို့ရဲ့ ပိုက်နက်နယ်မြေကို ခြားနားထားပါတယ်။