ဒေသခံပြည်သူတွေနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန် ကချင်ပြည်နယ်ဒေသခံတွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၉ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နိုင်ရေး ကြိုးပမ်းနေမှုကို ဆန့်ကျင်ကြောင်း ၎င်းတို့ရဲ့ သဘောထား ၅ ချက်ပါတဲ့ ဒီနေ့ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ အဲဒီလို တောင်းဆိုထားပါတယ်။
မြန်မာလူထုရဲ့ မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ကန့်ကွက်တဲ့ သဘောထားဆန္ဒကို မျက်ကွယ်ပြုပြီး တရုတ်အစိုးရပိုင် ကုမ္ပဏီ (SPIC- YN) အနေနဲ့ အတင်းအဓမ္မစည်းရုံး လှုံဆော်မှု၊ ပြန်လည်အကောင်အထည်ဖော်မှုကို ချက်ချင်းရပ်တန့်ရမယ်လို့ ထုတ်ပြန်ပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်တဲ့ ပြည်သူတွေအပေါ် အရေးယူမယ်လို့ ခြိမ်းခြောက်နေမှုတွေနဲ့ ပြည်သူတွေအပေါ် အတင်းအဓမ္မ ခြိမ်းခြောက်ပြီး အတုအယောက် လူထု ဆန္ဒခံယူပွဲ ပြုလုပ်နေမှုတွေကိုလည်း ချက်ချင်းရပ်တန့်ရမယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာ စစ်ပဋိပက္ခ ဖြစ်ပွားနေတဲ့ကာလအတွင်း အကြီးစားမြစ်ဆုံရေကာတာ စီမံကိန်းကို အတင်းအဓမ္မ အကောင်အထည်ဖော်ဆောင်မယ်ဆိုပါက ပဋိပက္ခကို ပိုမိုကြီးထွားလာစေနိုင်မှာဖြစ်တဲ့အတွက် စီမံကိန်းကို လုံးဝ ဖျက်သိမ်းဖို့ ကချင်ဒေသခံနဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
ဘယ်အစိုးရလက်ထက်မှာမဆို လူထုရဲ့ စစ်မှန်တဲ့ သဘောဆန္ဒ မပါတဲ့ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အတင်းအဓမ္မ အကောင်အထည်ဖော်ဆောင်ခြင်း မပြုလုပ်ဖို့လည်း သူတို့က တောင်းဆိုပါတယ်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်ကို လက်ရှိမှာ ပြန်လည်စတင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေမှုဟာ ကချင်ဒေသခံတွေနဲ့ မြန်မာလူထုရဲ့ သဘောဆန္ဒကို ဆန့်ကျင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ဆုံဆည်စီမံကိန်းဟာ စစ်အာဏာရှင် ခေတ်အဆက်ဆက် စစ်အုပ်စုနဲ့ တရုတ်အစိုးရတို့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းဖြစ်ပြီး ၎င်းတို့ရဲ့ အကျိုးစီးပွား ရှေးရှုပြီး လူထု သဘောဆန္ဒရယူခြင်း မရှိဘဲ အတင်းအဓမ္မ အကောင်အထည်ဖော်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










































