အသွင်းပြောင်းအာဏာသိမ်း စစ်အစိုးရက မြစ်ဆုံစီမံကိန်း ပြန်လည် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေမှုကို မြစ်ကြီးနားမြို့မှာ ရှိနေတဲ့ တက္ကသိုလ် ကျောင်းသား/သူတွေနဲ့ လူငယ်တွေက မေလ ၂၅ ရက်မှာ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားရှိ တက္ကသိုလ် ကျောင်းသား/သူတွေနဲ့ လူငယ်တွေက မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းဖို့အတွက် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဒီနေ့ မေလ ၂၆ ရက်မှာ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
“မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောင် နိုင်ငံရေး ကော်မတီတွေ ဖွဲ့စည်းပြီး လှုပ်ရှားနေတာ တွေမြင် နေရပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတဲ့ စီမံကိန်းဖြစ်လာနိုင်တာကြောင့် ကျနော်တို့ မြစ်ကြီးနားကို ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ လူငယ်တွေ ပူပေါင်းပြီး ဒီရေကာတာကို ဆက်မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူငယ်တစ်ဦးက ပြောတဲ့အကြောင်း KHRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်တဲ့ ပြည်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်၊ ခြိမ်းခြောက်နေမှု ကြားကနေ တက္ကသိုလ်ကျောင်းသား/သူတွေနဲ့ လူငယ်တွေက ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်အစိုးရဟာ တရုတ်အကူအညီနဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ကချင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှာ ဒေသခံလူထုကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အစည်းအဝေးခေါ်ပြီး ဝါဒဖြန့်၊ စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စီမံကိန်းကို ကန့်ကွက်ရတဲ့ အဓိက အကြောင်းအရင်းတွေမှာ မြစ်ဆုံဒေသဟာ အမှတ်သင်္ကေတ တစ်ခုဖြစ်သလို နိုင်ငံရဲ့ အသက်သွေးကြောတစ်ခုလည်းဖြစ်ပြီး မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကြောင့် လူမှုရေး ဆိုးကျိုးတွေအပြင် နိုင်ငံရေးနဲ့ စီးပွားရေးအရ ဆိုးကျိုးတွေ အများကြီး ရှိလာမယ်လို့ KHRW က ထုတ်ပြန်ပါတယ်။
မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန် လူထုကို ခေါင်းစဉ်အမျိုးမျိုးတပ်လို့ ဖိတ်ခေါ်စည်းရုံးနေခြင်းကို ရပ်တန့်ရန်နဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေက စီမံကိန်းကြောင့် လက်နက်ကိုင် ပဋိပက္ခကို ပိုဆိုးဝါးသွားစေမယ်လို့ KHRW ရဲ့ ဒါရိုက်တာ မဆိုင်းမိုင်က သတိပေးပါတယ်။
“လတ်တလောကချင်မှာ စစ်ရေးအရှိန်မြှင့်ဖို့ လက်နက်တွေ၊ စစ်ယာဉ်တန်းတွေ ပို့မြှင့်တင် ပို့ဆောင်နေတာ တွေ့ရတယ်။ အဲတာတွေက မြစ်ဆုံ စီမံကိန်းပြန်စ နိုင်ဖို့နဲ့၊ ပိုးလမ်းမကြီးရှိတဲ့ နေရာ၊ သဘာဝ သယံဇာတတူးဖော်တဲ့ နေရာတွေကို ဦးတည်နေကြတယ်” လို့ မဆိုင်းမိုင်က ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က စစ်ရေးပြင်ဆင်နေတဲ့ ဒေသတွေဟာ ဧပြီလ ၂၃ ရက်က ထုတ်ပြန်လိုက်တဲ့ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မြို့နယ်စာရင်းမှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ကချင်ဒေသခံပြည်သူ သိန်းချီက နေရပ်စွန့်စွာ စစ်ဘေးရှောင်နေရချိန်နဲ့ စားဝတ်နေရေး ကျပ်တည်းနေချိန်တွေမှာ အတင်းအကြပ် စုဆောင်းပြီး လူထုထောက်ခံမှု ပြုလုပ်ခြင်း၊ ခြိမ်းခြောက်နေခြင်းတွေဟာ လူ့အခွင့်အရေး ချိုးဖောက်နေမှု ဖြစ်တယ်လို့ KHRW က ထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုးကျိုးတွေ၊ နောက်ဆက်တွဲ ပြသနာတွေကို KHRW အဖွဲ့က ဆက်လက်စောင့်ကြည့် ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ် ကျောင်းသား/သူတွေ၊ ဒေသခံတွေ၊ လူငယ်တွေနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် လူထုနဲ့အတူ ဆက်လက်ကန့်ကွက်သွားမယ်လို့ KHRW ထံမှ သိရပါတယ်။










































