ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံးတွေအတွက် တစ်နှစ်ကို သစ် ၁ တန် အခွန်လွတ် ထုတ်ယူသုံးစွဲခွင့် ပြုတယ်လို့ ULA/AA ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကြေညာပါတယ်။
ဒေသခံပြည်သူတွေကို စီးပွားဖြစ် ထုတ်ယူသုံးစွဲခွင့် ပြုမှာ မဟုတ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရဲ့ ဧပြီလ ၂၀ ရက်က ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
သစ်ထုတ်ယူမယ့် နေရာဒေသကို မြို့နယ်သစ်တောဌာနကို လာရောက်အကြောင်းကြားရမှာဖြစ်ပြီး မြို့နယ်သစ်တော ဌာနက ကွင်းဆင်းစိစစ်ကာ မှတ်တမ်းတင်ထားမှာ ဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုကို အခွန်လွတ် သစ်ထုတ်ယူမှု တစ်နှစ်မှာ ၁ ကြိမ်သာ ခွင့်ပြုမယ်လို့ သိရပါတယ်။
သစ် ၁ တန်ထက် ပိုပြီး လိုအပ်ပါက ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်အုပ်ချုပ်ရေးဌာနရဲ့ ထောက်ခံချက်တွေနဲ့ သစ်တောဌာနကို သီးခြား လာရောက်လျှောက်ထားရမှာဖြစ်ကြောင်း၊ သစ်တောဌာနက လာရောက်ကွင်းဆင်းပြီး အမှန်အကန် ထပ်မံလိုအပ်ကြောင်း စိစစ်တွေ့ရှိပါက လိုအပ်တဲ့ သစ်ပမာဏကို ထုတ်ယူခွင့် ပြုမယ်လို့ ဆိုပါတယ်။
ထုတ်ယူပြီး အခွန်လွတ် သစ်တွေကို စီးပွားရေးအရ ရောင်းဝယ်ခြင်း မပြုရသလို စီးပွားရေးအရ လုပ်ကိုင်နေမှုကို စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။
သစ်ထုတ်ယူရာမှာ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ထုတ်ယူပါက သစ်တွေကို သိမ်းဆည်းပြီး သစ်ထုတ်ယူခွင့် ၁ နှစ် ထပ်မံ ပိတ်ပင်ခံရမယ်လို့ ULA/AA ထံမှ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တရားမဝင် သစ်ထုတ်လုပ်ခြင်းနဲ့ ရောင်းဝယ်ခြင်းတွေကို ULA/AA က တားမြစ်ကာ ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိမှာ သစ် ၁ တန်ကို ကျပ်သိန်း ၄၀ အထိ ဈေးပေါက်ရှိပြီး တစ်နှစ်ထက် တစ်နှစ် ဈေးမြင့်တက်လာနေတယ်လို့ သိရပါတယ်။









































