တနင်္သာရီတိုင်း၊ ထားဝယ်မြစ်ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တည်ရှိပြီး ရဲတံခွန် စီမံကိန်းလုပ်ကွက်တွေနဲ့ ချိတ်ဆက်နေတဲ့ ကမ်းလွန်လုပ်ကွက်သ အမှတ် – ၁၅ (M-15) စီမံကိန်းကို အခုနှစ် ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စူးစမ်းရှာဖွေရေး၊ တွင်းတူးဖော်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတဘ်။
ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ စစ်အုပ်စုရဲ့ တနင်္သာရီတိုင်းဒေသအစိုးရ၊ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE) နဲ့ CFG Energy Pte Ltd တို့ဟာ အဆိုပါ ကမ်းလွန် ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ကွက်သစ် ဖြစ်လာမယ့် M- 15 လုပ်ကွက်နဲ့ပတ်သက်လို့ ဩဂုတ်လ ၁၁ ရက်က ဆွေးနွေးခဲ့တယ်လို့ စစ်တပ်အစိုးရရဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ကမ်းလွန်လုပ်ကွက် အမှတ် M – 15 စီမံကိန်းဟာ မုတ္တမကမ်းလွန်ဒေသရဲ့ တောင်ဘက်ပိုင်း၊ မြိတ်မြို့ရဲ အနောက်ဘက် မိုင် ၁၂၀ ခန့်နဲ့ ထားဝယ်မြစ်ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တည်ရှိတဲ့ ရဲတံခွန်စီမံကိန်း လုပ်ကွက်တွေဖြစ်တဲ့ M – 12 ၊ M – 13 ၊ M – 14 တို့နဲ့ ချိတ်ဆက်လျက်ရှိပါတယ်။
အဆိုပါဆွေးနွေးပွဲကို စစ်တပ်အစိုးရမှ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ မြန်မာ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း အထွေထွေမန်နေဂျာ (ကမ်းလွန်) နဲ့ CFG Energy Pte. Ltd ဥက္ကဌ Mr. Songning Shen တို့ ဦးဆောင် ကျင်းပတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – MOE / မုတ္တမကမ်းလွန် Block M-9 မှာ E Drill-2 Drilling Rig နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့စဉ်












































