ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ် နဲ့ မြောက်ဦးခေတ် လက်ရာတွေဖြစ်တဲ့ ရှေးဟောင်းအမွေအနှစ်ဝတ္ထုပစ္စည်းအရေအတွက် ၁၁၀၀ ကျော်ကို နိုင်ငံတဝန်းက ဒေသခံပြည်သူတွေ လာရောက်အပ်နှံတယ်လို့ သိရပါတယ်။
ရွှေပန်းကနုတ်အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက်ပုတီးစေ့၊ ကြေးအလေး၊ ကြေးခလောက်၊ ကြေးသတ္တု စပ်ပြား၊ မြေထည်ပစ္စည်းတွေ စတဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းအရေအတွက် ၁၁၇၃ ခုကို လက်ခံရရှိခဲ့ပြီး လာရောက်အပ်နှံသူတွေကို ဆုကြေးချီးမြှင့်ငွေ ကျပ် ၁၀၄၉ သိန်းကျော်နဲ့ ဂုဏ်ပြု လက်မှတ်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရှေးဟောင်းပစ္စည်းတွေကို အနည်းဆုံး ခေတ်ကာလပေါက်ဈေးရဲ့ နှစ်ဆခွဲမှ သုံးဆခွဲကျော်အထိ ဆုကြေးငွေတွေ ချီးမြှင့်ပေးလျက်ရှိတယ်လို့ စစ်အစိုးရရဲ့ ပြန်ကြားရေးက ဒီနေ့ ဩဂုတ်လ ၅ ရက် ထုတ်ပြန်ပါတယ်။
ရှေးဟောင်းပစ္စည်းတွေကို အကြောင်းအမျိုးမျိုးနဲ့ တွေ့ရှိရင်ဖြစ်စေ၊ ၊ ဝါသနာအလျောက်စုဆောင်းထားရင်ဖြစ်စေ ရရှိသိမ်းဆည်းထားပြီး နိုင်ငံတော်သို့ အပ်နှံပါက ရွှေထည်ပစ္စည်းတွေ ဖြစ်ရင်း ပညာရှင်အဖွဲ့ရဲ့ စိစစ်သုံးသပ်ချက်အရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အရည်အသွေး စစ်ဆေးစေတယ်လို့ သိရပါတယ်။
အရည်အသွေးနဲ့ အလေးချိန်ကို အဲဒီနေ့ရဲ့ ပြင်ပပေါက်ဈေးနဲ့ မူလတန်ဖိုး ထွက်ချက်ပြီး ပျူခေတ်လက်ရာပစ္စည်းတွေ ဖြစ်ပါက မူလတန်ဖိုးတွေအပြင် ခေတ်ကာလတန်ဖိုး ရာခိုင်နှုန်း ၈၀၊ ခေတ်လက်ရာ တန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၈၀ အထိ အပြင် ထပ်ဆောင်းတန်ဖိုးပါ ချီးမြှင့်မယ်လို့ ဆိုပါတယ်။
ပုဂံခေတ်လက်ရာပစ္စည်းတွေ ဖြစ်ပါက ခေတ်ကာလတန်ဖိုး ရာခိုင်နှုန်း ၇၀၊ ခေတ်လက်ရာတန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၇၀ အထိအပြင် ထူးခြားရှားပါးတဲ့ ရှေးဟောင်းဝတ္တုပစ္စည်းတွေကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုးရဲ့ ရာခိုင်နှုန်း ၄၀ မှ ၈၀ အထိ ထပ်မံချီးမြှင့်ပေးမယ်လို့ သိရပါတယ်။
ဩဂုတ်လ ၄ ရက်ကလည်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ မွန် တို့မှ ဒေသခံပြည်သူ ၆ ဦးတို့က စစ်တပ်အစိုးရရဲ့ ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ရှေးဟောင်းပစ္စည်းတွေ လာရောက်အပ်နှံ့ခဲ့တယ်လို့ သိရပါတယ်။












































