ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာမှာ ငဝန်မြစ်ရေကာတာဟာ အကျယ်အလျား ၅၀ ပေခန့်ရှိတဲ့ တာကျိုးမှု ဖြစ်ပွားခဲ့တဲ့အတွက် မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့ ရေဘေးသင့်ဒဏ် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၀ ရက် နေ့လည် ၂ နာရီခွဲခန့်က လေးမျက်နှာမြို့နယ်၊ မြစ်ကျိုးကျေးရွာမှာ အမြင့် ၁၈ ပေရှိတဲ့ တာမိုင် အမှတ် (၂၅/၃) မှာ သဲဗွတ်တစ်ခုဖြစ်ပေါ်ပြီး တာတမံ နိမ့်ဆင်းမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနရဲ့ ဒီနေ့ ဇူလိုင်လ ၃၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
တာတမံ ထပ်မံနိမ့်ဆင်းမှု မရှိစေဖို့အတွက် တုတ်ရိုက်ခြင်း၊ ကျောက်ချခြင်း၊ သဲမြေဖို့ခြင်း၊ သဲအိတ်စီခြင်းတို့ကို ပြုလုပ်ခဲ့ပေမယ့် ည ၁၀ နာရီခွဲခန့်မှာ ငဝန်မြစ်ရေကာတာဟာ အလျားအကျယ်ပေ ၅၀ ခန့်အထိ တာကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဇူလိုင်လ ၃၁ ရက်မှာတော့ လေးမျက်နှာမြို့နယ်ထဲက အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်တွေအပြင် ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာနဲ့ ကွမ်းခြံကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူတွေကို ရေဘေးသင့်နေရာမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေရတယ်လို့ သိရပါတယ်။












































