အာဏာသိမ်းအသွင်းပြောင်း စစ်အစိုးရက တရုတ်နိုင်ငံ အကူအညီနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၈ နှစ်ခွဲနဲ့ အပြီးသတ် တည်ဆောက်သွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်က ပြောပါတယ်။
ဇွန်လ ၂၃ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဆားမှော်ဒေသကို ရောက်ရှိစဉ် ဒေသခံတွေနဲ့ တွေ့ဆုံမှုမှာ မြစ်ဆုံစီမံကိန်းအကြောင်း ဇွန်လ ဒုတိယပတ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူ လိုက်ပါသွားတဲ့ ကချင်ပြည်နယ် စစ်အစိုးရ ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါတယ်။
“ကျနော်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က လုပ်မယ်ဆိုတော့ ပြည်ထောင်စု လွှတ်တော်မှာ ဆန္ဒပြခဲ့တာလေ။ အခု အရမ်းနောင်တရတယ်။ ကျနော်တို့ ဆန္ဒ မပြခဲ့ရင် အရမ်းတိုးတက်နေပြီ။ မြစ်ဆုံက အမှန်တကယ် လုပ်ရင် ၁၀ နှစ်ကြာတယ်။ ဒါပေမယ့် နဂိုကလည်း လုပ်ထားပြီးသာ ဆိုတော့ ၈ နှစ်ခွဲလောက်နဲ့ ပြီးမယ်” လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်က ပြောပါတယ်။
ဇွန်လလယ်ခန့်က စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ ကချင်ပြည်နယ် စစ်အစိုးရ ဝန်ကြီးချုပ် ခက်ထိန်နန်ဟာ တရုတ်သမ္မတ ရှီကျင်ဖျင်နဲ့လည်း “ကချင်ပြည်နယ် မျက်နှာကြောင့်” တွေ့ဆုံခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းကို တရုတ်အကူအညီနဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ တည်ဆောက်မှာ ဖြစ်သလို မြစ်ဆုံရေကာတာကိုလည်း ဂြိုလ်တုကနေ ၂၄ နာရီ စောင့်ကြည့်မှာဖြစ်ပြီး၊ ရေကြီးရေလျှံမှု မဖြစ်ပွားအောင်လည်း ဆောင်ရွက်သွားမယ်လို့ ကချင်ပြည်နယ် စစ်အစိုးရအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“ကျနော်တို့ အခု လျှပ်စစ် အရမ်းဆင်းရဲတယ်နော်။ လျှပ်စစ်ဆိုတာ စွမ်းအင်၊ စွမ်းအင်ဆိုတာ ဘာမှဆို လုပ်လို့ရတယ်။ ကျနော်တို့က ဖုန်းအားသွင်းဖို့တောင်မှ ဟိုတလောကဆိုရင် တော်တော် ဒုက္ခရောက်သွားတယ်လေနော။ ဖုန်းအားသွင်းဖို့တောင် ဒုက္ခရောက်တဲ့ နိုင်ငံဆိုရင် ဘယ်လိုလုပ် တိုးတက်တော့မလဲ။ ပြည်နယ်ဆိုရင် ဘယ်လိုလုပ် တိုးတက်မလဲ၊ အဲဒါနဲ့ ဘာမှ မပူနဲ့ လက်ခုတ်တာ တီးလိုက်။ မြစ်ဆုံ လုပ်တော့မယ်။ မြစ်ဆုံလုပ်ရင် သဘာဝဘေးကြောင့် ပြိုဖို့အတွက် လုံးဝစိုးရိမ်စရာ မလိုဘူး။ အခုက ကမ္ဘာမှာ နောက်ဆုံးပေါ် နည်းနဲ့ လုပ်မယ်” လို့ ကချင်ပြည်နယ် စစ်အစိုးရ ဝန်ကြီးချုပ်က ပြောပါတယ်။
နှစ်ပေါင်း ၂၀၀ အတွင်း ကချင်ပြည်နယ်မှာ ငလျင်လှုပ်ခတ်မှုဟာ ၄ မဂ္ဂနီကျုနဲ့ ၆ မဂ္ဂနီကျုကြားသာ ရှိပြီး လက်ရှိမှာ မြစ်ဆုံ စီမံကိန်းကို ငလျင်ဒဏ် မဂ္ဂနီကျု (Magnitude) ၈ အဆင့်ထိ ခံနိုင်အောင် တည်ဆောက်မယ်လို့ ဆိုပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့တဲ့ ဦးခက်ထိန်နန်ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြစ်ဆုံစီမံကိန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမယ့် လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူစဉ်အတွင်း မြစ်ဆုံစီမံကိန်းကို အပြည့်အဝ ထောက်ခံတယ်လို့ ဘက်ပြောင်း ပြောဆိုလာခြင်းဖြစ်ပါတယ်။
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ကွန်ဂရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ မဂ္ဂါဝပ် ၅၆၀၀ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းအဖြစ် ပုံစံပြောင်းလဲဆောက်လုပ်မယ်လို့ စစ်ခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။
မြစ်ဆုံစီမံကိန်းရဲ့ ရေဝပ်ရေလွှမ်းဧရိယာဟာ စင်ကာပူနိုင်ငံ အကျယ်အဝန်းမှာ တည်ရှိမှာဖြစ်ပြီး ရေအရင်းအမြစ်နဲ့ ဇီဝမျိုးစုံမျိုးကွဲဂေဟစနစ်စကို ဆိုးဝါးစွာ ပျက်စီးစေမှာ ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
ဒေသခံပြည်သူတွေနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန် ကချင်ပြည်နယ်ဒေသခံတွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၉ ဖွဲ့က မေလဆန်းမှာ ထုတ်ပြန်ထားပါတယ်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်ကို လက်ရှိမှာ ပြန်လည်စတင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေမှုဟာ ကချင်ဒေသခံတွေနဲ့ မြန်မာလူထုရဲ့ သဘောဆန္ဒကို ဆန့်ကျင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ၎င်းတို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေကို ကန့်ကွက်ခြင်းတွေ ပြုလုပ်ပါက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ၂၀၂၅၊ ဒီဇင်ဘာလ ၁၆ ရက် ကြေညာထားပါတယ်။












































