ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်တွေဟာ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းအတွက် အလွန်အရေးပါတယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က သူ့ရဲ့ သမ္မတကျမ်းကျိန်ပွဲနဲ့ မိန့်ခွန်းမှာ ပြောဆိုပါတယ်။
ဒီနေ့ ဧပြီလ ၁၀ ရက်၊ နေပြည်တော်၊ ပြည်တော်စု လွှတ်တော်မှာ ကျင်းပတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကိုယ်တိုင်ဘွဲ့ထူး ရယူလိုက်တဲ့ သမ္မတ ရာထူးအတွက် ကျမ်းကျိန်ပွဲနဲ့ စစ်အစိုးရသစ်အဖွဲ့ရဲ့ ကျမ်းကျိန်ပွဲအပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
“နိုင်ငံဖွံ့ဖြိုးရေးနဲ့ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ဟာ ဆက်စပ်နေတဲ့အတွက် ပြည်တွင်း လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖူလုံအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဆိုလာစွမ်းအင် ဖွံ့ဖြိုးမှုကိုလည်း မြင့်တင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်တွေဟာ မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောများ ဖြစ်ပြီး စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းတို့အတွက် အလွန်အရေးပါပါတယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ့် ဧရာဝတီ မြစ်ဆုံ – မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် စစ်အုပ်စုနဲ့ စစ်အစိုးရအဖွဲ့တွေဟာ အလျင်အမြန် ဆောင်ရွက်လာနေပြီး ဒေသခံလူထုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အဆိုပါ မြစ်ဆုံစီမံကိန်းကို အပြင်းအထန် ကန့်ကွက်နေပါတယ်။
နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ရတဲ့အတွက် တောင်သူလယ်သမားတွေရဲ့ ဘဝ မြင့်တက်ရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်း လုပ်မယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ဒီနေ့ စစ်ခေါင်းဆောင်ရဲ့ သမ္မတအဖြစ် ကတိသစ္စာပြုပွဲအတွက် ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ခဲ့ရာမှာ ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် ခန့်ထားခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို အသွားအပြန် ဦးညွတ်အလေးပြုနေရပြီး အပြန်မှာလည်း တံခါးဝအထိ ဦးညွှတ်လိုက်ပို့နေရပါတယ်။
၂၀၂၁ ခုနှစ်မှာ လူထုက ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းထားခြင်း ၅ နှစ်ကျော်ရှိလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ်မှ သမ္မတ မင်းအောင်လှိင်အဖြစ် ကိုယ်တိုင်စီမံရင်း အရေခွံလဲနိုင်ရေး ဆောင်ရွက်ချက်ဖြစ်ပါတယ်။









































