အာရက္ခတပ်တော် ULA/ AA ထိန်းချုပ်ထားတဲ့ ရခိုင်နဲ့ ချင်းက မြို့နယ် ၇ ခုထက်မနည်းရှိ မြို့နဲ့ ရပ်ကျေး ၇၀ ကျော်မှာ မိုးအဆက်အပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေ ရှိနေသလို လမ်းပန်းဆက်သွယ်ရေးတွေလည်း ထိခိုက်ပျက်စီးနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ကြေညာပါတယ်။
အာရက္ခပြည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေနဲ့ ချင်းတောင်ပိုင်းက ပလက်ဝမြို့နယ်တွေမှာ မိုးကြီးမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၊ လူသားစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနေတဲ့အတွက် အဆိုပါမြို့နယ်တွေမှာ ရေကြီး၊ ရေလွှမ်းမိုးခြင်းတွေ ပိုမို ဆိုးရွားလာ နိုင်ခြေရှိပြီး “တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာတဲ့ အခြေအနေ” အဆင့်အဖြစ် သတ်မှတ်ပြီး ရေဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၈ ရက် စာရင်းတွေအရ အဆိုပါမြို့နယ်က မြို့နဲ့ ရပ်ကျေး ၇၀ ကျော်ဟာ ရေဘေးသင့်နေသလို ပြည်သူ ၃ ဦးသေဆုံးပြီး လမ်းတံတားတချို့ ထိခိုက်ပျက်စီးခြင်း၊ မြေပြိ/ ကမ်းပြိုခြင်းတွေလည်း ဖြစ်ပွားနေတယ်လို့ HDCO ထံမှ သိရပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၀ ရက်မှာတော့ ရေဘေးသင့်နေတဲ့ မြို့နယ် ၈ ခုရှိပြီး ရပ်ကျေးပေါင်း ၁၀၀ ခန့်က ကြုံတွေ့ နေရကြောင်း၊ ကုလာတန်မြစ်နဲ့ လေးမြို့မြစ် ဝဲယာက ရွာတွေက အများအပြား ပါဝင်နေတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့ လူမှုကွက်ယက်မှာ ရေးသားအသိပေးပါတယ်။
မြို့နယ် ၈ ခုက ဒေသခံပြည်သူ တစ်သိန်းကျော်ဟာ ရေဘေးသင့်မှု ဒဏ်ကို ရင်ဆိုင်နေရပြီး ရက်ဆက်မိုးကြီးစွာ ရွာသွန်းမှု ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“HDCO အနေဖြင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဌာနများ၊ သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့်အတူ ရေဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများကို အလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အကူအညီပေးရေး အဖွဲ့အစည်းများအနေဖြင့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်၍ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် အသိပေး တိုက်တွန်းအပ်ပါသည်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ မနေ့က ကြေညာချက်မှာ အသိပေးထားပါတယ်။
ဇူလိုင်လ ၇ ရက် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်တွေမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၂၄၀ ခန့်အပါအဝင် အခြားအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အထူးတိုက်တွန်းချက်အနေနဲ့ ရေဘေးသင့် နေရာဒေသတွေမှာ ရှိတဲ့ ဒေသခံပြည်သူတွေ၊ တက်ကြွလူငယ်တွေ၊ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အင်တာနက် အသုံးပြုနိုင်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုရန် လက်လှမ်းမိပါက ရေဘေးနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပို့ခြင်း၊ အရေးပေါ် အကူအညီလိုအပ်ချက်များကို တောင်းခံခြင်း စတဲ့ ကိစ္စတွေအတွက် HDCO.ULA@outlook.com နဲ့ @ULAHDCOAVM ( တယ်လီဂရမ်)သို့ ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အသိပေး၊ ထုတ်ပြန်ပါတယ်။
ပြည်သူတွေအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ရေကြီးခြင်း၊ ကမ်းပြို/ မြေပြိုခြင်းနဲ့ မြွေ၊ ကင်းအစရှိတဲ့ အဆိပ်သတ္တဝါတွေရဲ့ အန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့နဲ့ ရေဘေးအန္တရာယ် ထိခိုက်မှုကို လျော့ချနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေထိုင်ဖို့ အသိပေး နှိုးဆော်နေပါတယ်။












































