Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဆောင်းပါး

လူထုအာရုံစိုက်မူ ရှိဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံသား ပုပ္ပားမျောက်မြီးရှည်များ

မြန်မာမှာပဲရှိတဲ့ မြန်မာဌာနေမျိုးရင်း ပုပ္ပားမျောက်မြီးရှည်များဟာ အကောင်ရေ ၂၅၀ ခန့်သာရှိပြီး ထိန်းသိမ်း ကာကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေသလို လူထုအာရုံစိုက်မှု ရှိဖို့လည်း လိုအပ်တယ်လို့ NSCI အဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်မှာ ကျရောက်တဲ့ ပုပ္ပားမျောက်မြီးရှည်နေ့ အထိမ်းအမှတ်မှာ Native Species Conservation & Identification – NSCI အဖွဲ့က ထုတ်ပြန်တာပါ။

ပုပ္ပားတောင်မှာ ၂၀၁၉ခုနှစ်က ကောက်ယူတဲ့ စစ်တမ်းအရ ကောင်ရေ ၁၁၁ကောင်ခန့်၊ ရသေ့ပျံဂူမှာ ကောင်ရေ ၂၀မှ ၃၀ခန့်၊ ပဲခူးရိုးမမှာ ၂၂ကောင်ဝန်းကျင်ခန့်နဲ့ ပန်းလောင်-ပြဒါးလင်းဂူ တောရိုင်းဘေးမဲ့တောမှာ ကောင်ရေ ၄၆ကောင်မှ ၉၆ကောင်ခန့်ထိရှိမယ်လို့ သိရပါတယ်။

ဒီမျောက်မြီးရှည်လေးတွေရဲ့အရေအတွက်အားဖြင့် ကောင်ရေ ၂၅၀လောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းတဲ့အကြောင်း ပုပ္ပားမျောက်မြီးရှည်တွေကို သုတေသနလုပ်တဲ့ အဖွဲ့တွေကို ကိုးကားပြီး NSCI အဖွဲ့က ထုတ်ပြန်ပါတယ်။

ပုပ္ပားမျောက်မြီးရှည်လေးတွေရဲ့ အရေအတွက်ဟာ အလွန်အမင်း ကျဆင်းနေပြီး မျိုးသုဉ်းရန်အလွန် အန္တရာယ်ရှိနေတဲ့ မျိုးစိတ်လည်းဖြစ်နေပြီး အမဲလိုက်ခံရခြင်း၊ ကျက်စားရာဒေသ ပျောက်ဆုံးခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ လူသားများရဲ့ နှောင့်ယှက်ဖျက်ဆီးခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေဟာ သူတို့ရဲ့အသက်ရှင်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လျက်ရှိတယ်လို့ NSCI အဖွဲ့က ဆိုပါတယ်။

ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ အစားအစာအဖြစ်ရော တိုင်းရင်းဆေးဝါးအဖြစ်ပါ အသုံးချဖို့အတွက် ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်လို့ ထိန်းသိမ်းရေးအဖွဲ့တွေက ဆိုပါတယ်။

ပုပ္ပားတောင်အမျိုးသားဥယျာဉ်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောထဲက ပုပ္ပားမျောက်မြီးရှည်တွေကို ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ ရသေ့ပျံဂူဝန်းကျင်ရှိ တသီးတသန့်ဖြစ်နေတဲ့ ပုပ္ပားမျောက်မြီးရှည်တွေအတွက် ဒေသအခြေပြုတဲ့ ထိန်းသိမ်းရေးနည်းလမ်းတွေနဲ့ ထိန်းသိမ်းကာကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေပြီး ဒီကိစ္စတွေပေါ်ကို လူထုအာရုံစိုက်မှုရှိဖို့လည်း လိုအပ်တယ်လို့ NSCI အဖွဲ့က ဆိုပါတယ်။

ပုပ္ပားမျောက်မြီးရှည်မျိုးစိတ်ဟာ ဧရာဝတီနဲ့ သံလွင်မြစ်ကြား မြန်မာနိုင်ငံအပူပိုင်းခြောက်သွေ့ဒေသတွေနဲ့ ကယား-ကရင် တောင်နိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြပြီး ၂၀၂၀ ခုနှစ်မှာ မြန်မာဌာနေရင်းမျောက်မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သိပ္ပံအမည်မှာ (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢) ဖြစ်ပါတယ်။

ပုပ္ပားမျောက်မြီးရှည်မျိုးစိတ်ရဲ့ ကျောပိုင်းဟာ အညိုရင့်ရောင်/ အညိုရောင်ဘက်သမ်းတဲ့မီးခိုးရောင်ရှိပြီး ခြေလက်တွေက အနက်ရောင်။ အမြီးမှာ မီးခိုးရောင်နုနု။ သိသာထင်ရှားမှု တချက်က မျက်လုံးလေးမှာ မျက်ကွင်းဖြူလေး အကွင်းလိုက်ရှိပြီ ယင်းကို စွဲပြုလို့ မျောက်မျက်ကွင်းဖြူလို့လည်း ခေါ်ကြပါတယ်။

ငယ်စဉ်အခါ ရွှေရောင်ဝင်းနေပြီး၊ အရွယ်ရောက်လာတာနဲ့အမျှ သူတို့ အရောင်ဟာ မီးခိုးရောင်ကို ပြောင်းလဲသွားတယ်လို့ ထိန်းသိမ်းရေးသမားတွေက ဆိုပါတယ်။

သစ်တောအမျိုးအစားမျိုးစုံမှာ ပေါက်ပွါးရှင်သန်နေနိုင်ကြပြီး၊ အမြဲစိမ်းတော(ရွက်မပြတ်တော)၊ ရွက်ပြတ် ရောနှောတောနဲ့ ဝါးတောတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ မျောက်မြီးရှည်ဟာ အရွက်တွေကို နေ့အချိန်မှာ အဓိကရှာဖွေစားသောက်တတ်တဲ့ မျောက်မျိုးလေးတွေဖြစ်ပြီး သူတို့ရဲ့အဓိက အစာတွေက အရွက်တွေ၊ အသီးတွေနဲ့ ရွက်ညှာလေးတွေဖြစ်တယ်လို့ သိရပါတယ်။

ရသေ့ပျံဒေသခံများက ပုပ္ပားမျောက်မြီးရှည်ကို ဆ်ုအုဂ်အွာမေံ (ဆ်ုအုဂ် = မျောက်၊ အွာမေံ = မျက်နှာဖြူ) (အသံထွက် – ချအောင်အွာမေး) မျောက်မျက်နှာဖြူလို့ ကရင်ဘာသာစကားနဲ့ခေါ်ဆိုကြတယ်လို့ သိရပါတယ်။

မြန်မာဌာနေမျိုးရင်း ပုပ္ပားမျောက်မြီးရှည်မျိုးစိတ်ကို ရေရှည်ထိန်းသိမ်းနိုင်ရေး အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ထိန်းသိမ်းရေးနယ်မြေများကို ဒေသဓလေ့ထုံးတမ်းများနှင့်အညီ တည်ထောင်ပေးခြင်းအပြင် ဥပဒေအရ အကာကွယ်ပေသင့်ပြီး အရေအတွက်စာရင်းကောက်ယူခြင်းကိုလည်း ထပ်မံလုပ်ဆောင်ရန် လိုအပ်နေပါတယ် သိရပါတယ်။

ဓါတ်ပုံ – NSCI

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature