Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ဘီးလင်းမြို့နယ်ထဲမှာ ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်ကို တွေ့ရှိပြီး ကယ်ဆယ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအုပ်စု၊ ကျွန်းသာယာ အပြင်သောင်အတွင်း ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်ကို တွေ့ရှိတဲ့အတွက် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ခဲ့တယ်လို့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်ရေး အသင်း BANCA ထံမှ သိရပါတယ်။

BANCA မှ တာဝန်ရှိသူတွေဟာ မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၅ ရက် ညနေ ၄ နာရီခွဲခန့်က ကျွန်းသာယာအပြင်သောင်အတွင်း ဧရာဝတီလင်းပိုင်း ၂ ကောင်ကို စတင်တွေ့ရှိခဲ့ပြီး ညနေ ၄ နာရီ ၅၀ ခန့်မှာ ရေနက်ပြီး ဘေးကင်းရာကို ရွေးချယ် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင် အမကြီမှာ အလျား ၅.၆ ပေခန့်ရှိပြီး လင်းပိုင်ကလေးမှာ ၂.၅ ပေခန့်ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင်သားအမိ ကယ်ဆယ်ရေးကို မုသင်ကျေးရွာ ဒေသခံ ထိန်းသိမ်းရေးအဖွဲ့ဝင်တွေ၊ မွန်ပြည်နယ် ရေလုပ်သားအဖွဲ့ဝင်တွေ စုပေါင်းပြီး လှေနဲ့ တင်ဆောင်ကာ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင်မျိုးစိတ်ဟာ မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ်) နဲ့ မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း + ရန်ကုန်တိုင်း) တို့မှာ လှည့်လည်ကျက်စားတတ်တဲ့ ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင်းတွေဟာ မြန်မာနိုင်ငံမှာ အကောင်ရေ ရာဂဏာန်းအောက်သာ ကျန်ရှိတော့တဲ့ အရေးကြီး ထိန်းသိမ်းရမယ့် မျိုးစိတ်လည်းဖြစ်တယ်လို့ BANCA အဖွဲ့က ထုတ်ပြန်ပါတယ်။

မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း BANCA ဟာ HELVETAS Myanmar နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မုတ္တမပင်လယ်ကွေ့အတွင်း ရေဝပ်‌ဒေသတွေထိန်းသိမ်းခြင်း၊ ရေသယံဇာတများထိန်းသိမ်းခြင်း၊ ကမ်းခြေနေ ရေပျော်ငှက်များ ၊ ဆောင်းခိုငှက်များအား လေ့လာစောင့်ကြည့်ခြင်း လုပ်ငန်းတွေကို စဥ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မုတ္တမပင်လယ်ကွေ့ဟာ ၂၀၁၇ ခုနှစ် မေလ ၁၀ ရက်က ကမ္ဘာ့အသိအမှတ်ပြု ရေဝပ်‌ဒေသရမ်ဆာဆိုဒ် အဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီး ထူးခြားတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ မှီတည်ပေါက်ဖွားလျက်ရှိနေတယ်လို့ သိရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature