Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မြေပြင် သယံဇာတစီမံအုပ်ချုပ်မှု အထူးအဖွဲ့ခွဲနဲ့ ကွင်းဆင်းအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေမှာ သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေ နိုင်နိုင်နင်းနင်း ဆောင်ရွက် နိုင်စေဖို့ အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ခွဲတွေနဲ့ မြေပြင်ကွင်းဆင်းအဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်ပေးရန် NUG အစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၃ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောလိုက်တာပါ။

သယံဇာတ စီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့တွေအနေနဲ့ သယံဇာတစီမံခန့်ခွဲရာမှာ ပိုမိုစနစ်ကျလာစေဖို့ TAB- NR အဖွဲ့ဝင် ဝန်ကြီးဌာနတွေကလည်း အရင်ကထက် ပိုပြီး နီးနီးကပ်ကပ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြဖို့ အထူးအလေးပေး မှာကြာလိုကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သယံဇာတ စီမံအုပ်ချုပ်မှု လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိအောင် မူဝါဒညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ကြဖို့ မြို့နယ်တွေကို သတိပေးကြပ်မတ် ဆောင်ရွက်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သယံဇာတဆိုတာ အကန့်အသတ်နဲ့သာ ဖြစ်တည် ထုတ်လုပ်ရရှိနိုင်တာဖြစ်ပြီး၊ အများပြည်သူပိုင် ပစ္စည်းဖြစ်တာကြောင့် အတတ်နိုင်ဆုံး အများပြည်သူ အကျိုးအတွက် ခံစားခွင့်ရှိဖို့ ပွင့်လင်းမြင်သာစွာ စီမံဆောင်ရွက်ကြရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှု အဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နဲ့ ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၃ နှစ်ကျော်မှာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG၊ CNF ၊ ကရင်နီတပ်ပေါင်းစု၊ KIA နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA၊ TNLA၊ MNDAA အဖွဲ့တွေက နိုင်ငံတဝန်းမြို့ပေါင်း ၇၀ ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

၂၀၂၃ ဇွန်လ ၂၄ ရက်မှာ ကရင်နီပြည်နယ်ထဲက မယ်စဲ့မြို့နယ်တစ်ခုလုံးကို ကရင်နီတပ်ပေါင်းစုက စတင်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၁၃ လနီးပါးအတွင်းမှာ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်းများစွာကို သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature