ထိုင်းနိုင်ငံ၊ နာခွန်ရက်ချာဆီမာခရိုင်၊ ဖီမိုင်မြို့က ထီပေါက်သူ တစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကမှ သူမွေးထားတဲ့ အမြီးနှစ်ခွ တောက်တဲကို လာဘ်ကောင်အဖြစ် သတ်မှတ်ပြီး ရွှေဆွဲကြိုးဆင်ယင်ပေးလိုက်တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်က အိမ်တစ်အိမ်ကို ဆောက်လုပ်ရေး လုပ်ကိုင်ပေးနေရာက ကွန်ကရစ်ပုံးကြီးပေါ်မှာ အမြီးနှစ်ခွ တောက်တဲ့ကို တွေ့ရှိတဲ့အတွက် အိမ်ရှင်ကို ခွင့်တောင်းပြီး မွေးမြူထားဖို့ အိမ်ကို ယူဆောင်လာခဲ့တယ်လို့ အသက် ၄၂ နှစ်အရွယ်၊ ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ ဂျိမ်းချိန်သာကူက ပြောတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။
“အဲဒီအမြီးနှစ်ခွတောက်တဲ့ကို တွေ့တဲ့အချိန်မှာ ကျနော်ဆီကို ကံကောင်းမှုတွေ ရောက်လာတော့မယ်လို့ ခံစားရတယ်။ တစ်စုံတစ်ခုတော့ ထူးတော့မှာပဲလို့လည်း ယုံကြည်မိတယ်။ အဲဒါနဲ့ အိမ်ကို ယူလာပြီး ကံကောင်းမှုတွေအတွက် မွေးဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ဂျိမ်းချိန်သာကူက ပြောပါတယ်။
ဇွန်လ ၁ ရက်က ထိုင်းအစိုးရထီဖွင့်တဲ့အချိန်မှာ ဂျိမ်းချိန်သာကူဟာ ဘတ် ၂၈၀၀၀ ဖို့ ထီပေါက်ခဲ့ပါတယ်။ ထီလက်မှတ် ၁၄ စောင်ဝယ်ယူခဲ့တာမှာ ထိုင်းအစိုးရထီရဲ့ နောက်ဆုံးဂဏန်း ၂ လုံးထီရဲ့ ၄၂ ပေါက်မဲနံပါတ်နဲ့ ၁၄ စောင် အားလုံးက ကံထူးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ထီဖိုးထုတ်ယူပြီးနောက် ရွှေဆိုင်တစ်ခုသို့ သွားရောက်ပြီး ဘတ် ၅၁၀၀ တန်ကြေးရှိတဲ့ ရွှေဆွဲကြိုး တစ်ကုံးကို ဝယ်ယူခဲ့ပြီး သူ့ရဲ့ ကံကောင်းစေတဲ့ အမြီးနှစ်ခွ တောက်တဲကို ဆင်မြန်းပေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၂ အရွယ် ထိုင်းနိုင်ငံသား ဂျိမ်းဟာ ပြီးခဲ့တဲ့ လက သူ့အသက် အရွယ်ဖြစ်တဲ့ ၄၂ ဂဏန်းကို ထီထိုးခဲ့ပြီးနောက် ထီးပေါက်ခဲ့တာဖြစ်ပြီး လာမယ့် ဇွန်လ ၁၆ ရက်မှာ ထွက်မယ့် ထိုင်းအစိုးရထီမှာလည်း သူ့ရဲ့ အမြီးနှစ်ခွ တောက်တဲ့ကြောင့် ထပ်မံထီးပေါက်လိမ့်ဦးမယ်လို့ ဂျိမ်းက ဘန်ကောက်ပိုစ့်သတင်းစာကို ပြောပါတယ်။
ကိုးကား – ဘန်ကောက်ပိုစ့်
