ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့မှတဆင့် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ရှားပါးမျိုးစိတ်၊ ပန်ဒါနီ ၄ ကောင်ဟာ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ကို ထပ်မံရောက်လာနေပြီသိရပါတယ်။
လေကြောင်းခရီးစဉ်နဲ့ မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကို တိရစ္ဆာန်ဆေးကုဆရာဝန် နဲ့ ကြီးကြပ်သူတွေ အဆင်ဆင့်ပါဝင်ပြီး သယ်ဆောင်လာခဲ့ရာ ဩဂုတ်လ ၃၀ ရက်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အထိမခိုက်မရှိ ကျန်းမာစွာ ရောက်ရှိလာတယ်လို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)က ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အခုရောက်ရှိလာတဲ့ ပန်ဒါနီတွေမှာ အထီး ၁ ကောင်၊ အမ ၃ ကောင်ဖြစ်ပြီး အသက် ၂ နှစ် ဝန်းကျင်ခန့် အသီးသီး ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ ပန်ဒါနီတွေကို ထိန်းသိမ်းရေးလုပ်ငန်းမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သားပေါက်မျိုးပွားဖို့နဲ့ အများပြည်သူတွေ လေ့လာကြည့်ရှုနိုင်ဖို့အတွက် ရောက်ရှိလာခြင်းဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ထံက သိရပါတယ်။
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ မီးမီး နဲ့ မောင်မောင်လို့ အမည်ပေးထားတဲ့ ပန်ဒါနီ ၂ ကောင်လည်း ရှိတယ်လို့ သိရပါတယ်။
ပန်ဒါနီတွေဟာ သဘာဝတောထဲမှာ အကောင်ရေ ၁၀,၀၀၀ အောက်ကို ရောက်ရှိနေပြီး မကြာမီမျိုးတုန်းရန် အန္တရာယ်ရှိနေတဲ့ မျိုးစိတ်ထဲ ပါဝင်နေပါတယ်။
ပန်ဒါနီလေးတွေဟာ နို့တိုက်သတ္တဝါအမျိုးအစားတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ပုံစံမှာ အရှေ့လက်နှစ်ချောင်းက အနောက်ခြေထောက်တွေထက် ပိုတိုတဲ့အတွက် လမ်းလျှောက်တဲ့အခါ ခပ်ကွကွပုံစံလေးနဲ့ဖြစ်ပြီး ခန္ဓာတစ်ကိုယ်လုံးမှာ နီညိုရောင် အမွှေးပွလေးတွေ ရှိကာ တုတ်ခိုင်တဲ့ အမြှီးလေးတွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
အိမ်မွေးကြောင် အရွယ်အစားလောက်သာရှိတဲ့ ပန်ဒါနီတွေဟာ ဝါးပင်တွေကို အကြိုက်ဆုံး အစားအစာအဖြစ် စားလေ့ ရှိပြီး အေးချမ်းစွာ နေတတ်တဲ့ အကျင့်စရိုက်နဲ့အတူ မနက် အာရုဏ်မတတ်မီ အချိန်နဲ့ ညနေ နေဝင်ရီတရော အချိန်မှာ အစာစားခြင်း ၊ လှုပ်ရှားသွားလာခြင်းတွေ ပြုလုပ်ကြကာ နေ့လည် နေ့ခင်းကို အိပ်စက်ခြင်းနဲ့ အနားယူတတ်တယ်လို့ သိရပါတယ်။
အဆိုပါ ပန်ဒါနီလေးတွေကို တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)မှာ ကောင်းမွန် ကျန်းမာစွာနဲ့ ပြသထားပြီဖြစ်လို့ တိရစ္ဆာန်ချစ်မြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ လာရောက် ကြည့်ရှု့ လေ့လာနိုင်ပါပြီလို့ ဖိတ်ခေါ်နေပါတယ်။
ဓါတ်ပုံ – Yangon Zoo
