Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ရွာငံမှာ စစ်ရှောင်စခန်းပေါ် တောင်ပြိုကျလို့ ကလေးငယ်တွေနဲ့ ဒေသခံ ၁၀ ဦး သေဆုံး

ရှမ်းတောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ဘေးရှောင်စခန်းတစ်ခုကို တောင်ပြိုကျမှုဖြစ်ပွားပြီး ကလေးငယ်တွေ အပါအဝင် ဒေသခံစစ်ရှောင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်-DSNDA ထံက သိရပါတယ်။

ရွာငံမြို့နယ်၊ ကျောက်တောရွာဖက်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း ဗုံးကြဲမှု၊ ခြေလျင် စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ DSNDA က ဒီနေ့ စက်တင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီလို စစ်ဘေးရှောင်နေရာကို စက်တင်ဘာလ ၂၄ ရက်မှာ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်စခန်းတစ်ခု ပြိုကျပါသွားခဲ့ရာ အသက် ၇ နှစ်၊ ၁၀ နှစ်၊ ၂၂ နှစ်၊ ၄၅ နှစ်၊ ၆၀ နှစ်အရွယ် အမျိုးသားတွေ နစ်မြုပ်သေဆုံးသွားသလို အသက် ၁ နှစ်ခွဲ၊ ၂၄ နှစ်၊ ၃၆ နှစ်၊ ၄၇ နှစ်၊ ၆၅ နှစ်အရွယ် အမျိုးသမီးတွေလည်း သေဆုံးသွားတယ်လို့ DSNDA ထံမှ သိရပါတယ်။

သေဆုံးသူ ၁၀ ဦးထဲမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးရဲ့ ရုပ်အလောင်းကိုသာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ DSNDF/ DSNDA သတင်းနဲ့ ပြန်ကြားရေးထံမှ သိရပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ အင်အား ၁၂၀ ခန့်နဲ့ ကျောက်တောနဲ့ ညောင်ပင်သာကျေးရွာအနီးကို စက်တင်ဘာလ ၁၃ ရက်မှာ ထပ်မံ စစ်ကြောင်းထိုးလာခဲ့ပြီး လယ်တောတဲများကို မီးရှို့ခြင်း၊ ဝက်နဲ့ ကြက်တွေကို သတ်စားခြင်းတို့ ပြုလုပ်သွားတယ်လို့ DSNDF/ DSNDA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာလည်း ကျောက်တောရွာက နေအိမ် ၂၃ လုံးနဲ့ စပါးကျီ အားလုံးကို မီးရှို့ဖျက်စီးသွားကြပြီး လက်ရှိမှာ ဒေသခံပြည်သူ အများအပြားဟာ စစ်ဘေးရှောင်နေရသလို အကူအညီတွေလည်း အများအပြား လိုအပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

ဩဂုတ်လထဲမှာလည်း ရွာငံမြို့နယ်ထဲရှိ မင်းပလောင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ကျောက်တောကျေးရွာတို့ကို စစ်ကော်မရှင်တပ်တွေဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်အဆောက်အဦး၊ စပါးကျီ၊ အိမ်မွေးတိရစ္ဆာန်တွေကို ဖျက်စီးခြင်း၊ သတ်ဖြတ်စားသောက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ ရှမ်းတောင်ပိုင်းဒေသအပါအဝင် မြန်မာနိုင်ငံတဝန်းမှာ မိုးကြီးနိုင်ပြီး မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်နဲ့ ကမ်းပါး ပြိုခြင်းတွေ ဖြစ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ NUG အစိုးရက သတိပေးထုတ်ပြန်ထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature