NUG အစိုးရရဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ပုလဲမြို့နယ်အတွင်းက ထိန်းသိမ်းထားတဲ့ သစ်တန်ချိန် အများအပြားကို အထိန်းအကွပ်မဲ့ ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်လုပ်ရောင်းချပြီး သုံးစွဲနေတယ်လို့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) က ကြေညာပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း သဘာဝသယံဇာတ သစ်ထုတ်ယူနေတဲ့ ဂိုဏ်းဂဏတွေနဲ့ အဖွဲ့အစည်းတွေ သိစေဖို့ဆိုပြီး စက်တင်ဘာလ ၂၅ ရက်မှာ အညာလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က ထုတ်ပြန်ပါတယ်။
BNRA က နယ်မြေရှင်းလင်း စိုးမိုးမှု ယူခဲ့ရတဲ့ ပုလဲဒေသမှာ ကနဦးပိုင်း ထိန်းသိမ်းထားတဲ့ သစ်တန်ချိန် ထောင်ပေါင်း များစွာကို စစ်ဘေးသင့်၊ မီးဘေးသင့် လူထုအတွက် အိုးအိမ် ပြန်လည်ထူထောင်ရေး လုပ်ရန် ရည်ရွယ်ထားတယ်လို့ BNRA က ဆိုပါတယ်။
ဒါပေမယ့် လက်ရှိမှာ NUG အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ တော်လှန်ရေးကို အကြောင်းပြုလို့ ၎င်းတို့ ကိုယ်ကျိုးအတွက် အဆိုပါသစ်တွေကို ရောင်းချသုံးစွဲနေတာကို ဒေသခံလူထုလည်း သိရှိထားပြီဖြစ်တယ်လို့ BNRA ထံမှ သိရပါတယ်။
NUG လက်အောက်ခံ တော်လှန်ရေးအဖွဲ့တွေဟာ ဒေသအတွင်းမှာ အကောက်အခွန်ကိုလည်း လစဉ်ကောက်ယူ သုံးစွဲနေပေမယ့် ဒေသတွင်းမှာ စစ်ရေး၊ စခန်းသိမ်းစစ်ဆင်ရေးတွေကို အခြားအဖွဲ့တွေထက် ပိုမို လုပ်ဆောင်ဖူး တာမျိုးလည်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ပုလဲမြို့နယ်ထဲ စစ်ဘေးသင့် လူထုရဲ့ အနာဂါတ် ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ထားတဲ့ သစ်နု သစ်တောတွေကို စည်းမဲ့၊ ကမ်းမဲ့ ခုတ်လှဲပြီး တော်လှန်ရေး အကြောင်းပြု ကိုယ်ကျိုးစီးပွားအလိုငှာ ထုတ်ယူသုံးစွဲနေမှုကို ပြည်သူတွေရဲ့ တိုင်ကြားမှုနဲ့ BNRA က လက်ခံရရှိထားပြီဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၅ ရက်မှ စတင်လို့ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ဂိုဏ်းဂဏမဆို ပုလဲမြို့နယ်ထဲ တော်လှန်ရေး အကြောင်းပြ ကိုယ်ကျိုးစီးပွားအတွက် သစ်တောတွေကို ခုတ်လှဲ ထုတ်ယူသုံးစွဲခြင်း၊ သယ်ဆောင်ခြင်းတွေ တွေ့ရှိပါက BNRA အနေနဲ့ ပြတ်ပြတ်သားသား သိမ်းယူပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းလို့ ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဒေသတော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ အမှန်တကယ် စစ်ရေး သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ပါက အဓိက တာဝန်ခံတွေ ကိုယ်တိုင် လာရောက်ဆွေးနွေးဖို့ အသိပေးထားပါတယ်။
BNRA အနေနဲ့ ပုလဲမြို့နယ်အတွင်း ထင်းရှားတဲ့ တိုက်ပွဲတွေကို ဦးဆောင်ဖော်ဆောင်နေပေမယ့် အခွန်ကောက်ခံခြင်း၊ သစ် ထုတ်ယူခြင်းတွေ မပြုလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ပုလဲမြို့နယ်ဟာ ပုလဲ – PDF (PPDF) မှ BNRA ပြောင်းလဲဖွဲ့စည်းတဲ့အထိ ဓားမဦးချ နယ်မြေရှင်းလင်းခဲ့ရပြီး နယ်မြေစိုးမိုးမှု ယူထားရတဲ့ နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။
