ကချင်ပြည်နယ်ရှိ မေခမြစ်နဲ့ မလိခမြစ်ဆုံရာ ဧရာဝတီမြစ်အစပြုတဲ့ “မြစ်ဆုံဒေသ”ကို ကြားကာလရဲ့ သဘာဝနဲ့ ယဉ်ကျေးမှု ပေါင်းစပ်အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း NUG အစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA) က ယနေ့မှာ ကြေညာလိုက်ပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ မြစ်ဆုံဒေသကို သဘာဝအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၁ မှ ၇ အရနဲ့ ယဉ်ကျေးမှုအမွေအနှစ် စံနှုန်းသတ်မှတ်ချက် ၃ အရ ပေါင်းစပ်အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ခြင်ဖြစ်ပါတယ်။
အဆိုပါသတ်မှတ်ချက်နဲ့အတူ တားမြစ်ကန့်သတ်လိုက်တဲ့ စည်းကမ်းချက် ၄ ချက်ကိုလည်း NUG အစိုးရ၊ IBHA က ထုတ်ပြန်လိုက်ပါတယ်။
ပထမအချက်မှာ ကြားကာလအမွေအနှစ်ဒေသဖြစ်တဲ့ မေခ (အင်မိုင်ခ) နဲ့ မလိခ မြစ်ဆုံရာ အငူစွန်းကနေ အချင်းဝက် ၂၀ ကီလိုမီတာ ပတ်လည် ဧရိယာအတွင်း အကြီးစားရေအားလျှပ်စစ်၊ အခြေခံအဆောက်အအုံနဲ့ သယံဇာတ ထုတ်ယူရေး စီမံကိန်းတွေကို မပြုလုပ်ရဘူးလို့ ဆိုပါတယ်။
ဒုတိယအချက်မှာ စစ်ရေး ရည်ရွယ်ချက်နဲ့ နေရာချထားခြင်း၊ စခန်းတည်ဆောက်ခြင်း၊ လက်နက်အသုံးပြုပြီး ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရန် တားမြစ်လိုက်ပါတယ်။
တတိယမှာ အမွေအနှစ်ဒေသရဲ့ မူလအနေအထား ပျက်စီးစေဖို့ ပြုပြင်မွမ်းမံခြင်း၊ ပုံစံပြောင်းလဲခြင်း မပြုလုပ်ရန်နဲ့ နောက်ဆုံးအချက်မှာ သဘာဝနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရင်းမြစ်တွေကို ခိုးယူခြင်း၊ ရောင်းချခြင်း၊ တရားမဝင် ကုန်သွယ်ခြင်း မပြုလုပ်ရန် တားမြစ်လိုက်တဲ့ စည်းကမ်းတွေ ဖြစ်ပါတယ်။
အဆိုပါ တားမြစ်ချက် ၄ ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ ပြည်တွင်းဥပဒေတွေအပြင် နိုင်ငံတကာ လူသားယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ရေးဆိုင်ရာ စံနှုန်းတွေနဲ့အညီ တာဝန်ယူမှု ရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။
တဖက်မှာ အဆိုပါတားမြစ်ချက်တွေဟာ ဒေသခံပြည်သူတွေရဲ့ ဥပဒေ၊ ဒေသဓလေ့ထုံးတမ်းနဲ့ ညီညွတ်တဲ့ မိရိုးဖလာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် သက်ရောက်ခြင်း မရှိစေရဘူးလို့ ဆိုပါတယ်။
မြစ်ဆုံဒေသဟာ တိုင်းရင်းသားပြည်သူတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ မြတ်နိုးချစ်ခင်မှုနဲ့ အသက်မွေးဝမ်းကျောင်း ဘဝတို့နဲ့ နက်ရှိုင်းစွာ ချိတ်ဆက်နေတဲ့ Living Heritage Landscape ဖြစ်တဲ့အပြင် အဲဒီဒေသဝန်းကျင်ကို ဘေးမဲ့တောအဖြစ် ၁၉၂၇ ခုနှစ်ကပင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရဲ့ မူလအစဖြစ်တဲ့ မြစ်ဆုံဒေသဟာ စိမ့် စမ်း ရေတံခွန်တွေ၊ တောင်ကုန်းတောင်စွယ် အနိမ့်အမြင်တွေနဲ့ ချိုင့်ဝှမ်းတွေအကြား အဖိုးတန် တွင်းထွက်တွေ၊ ဆေးဖက်ဝင်အပင်နဲ့ များပြားလှတဲ့ အပင်မျိုးစိတ်တွေ၊ ရေတိမ်ဒေသငှက်တွေ၊ ဆောင်းခိုငှက်တွေ၊ ငါးမျိုးစိတ်တွေ စတဲ့ ဇီဝမျိုးစုံမျိုးကွဲ အလွန်ကြွယ်ဝတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ် နိုင်ငံတဝန်းမှာ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းကို ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ပြန်လည်စတင်ဖို့ မကြာခဏ ပြောဆိုခဲ့သလို ပြီးခဲ့တဲ့ဒီဇင်ဘာလက ကချင်ပြည်နယ်ခရီးစဉ်မှာလည်း ဒုတိယစစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းတော့မယ်လို့ ပြောပါတယ်။
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ကွန်ဂရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ မဂ္ဂါဝပ် ၅၆၀၀ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းအဖြစ် ပုံစံပြောင်းလဲဆောက်လုပ်မယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်ဟာ ၎င်းတို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေကို ကန့်ကွက်ခြင်းတွေ ပြုလုပ်ပါက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ဒီဇင်ဘာလ ၁၆ ရက် ကြေညာပါတယ်။
စီမံကိန်းတွေကို ဖော်ဆောင်ရာမှာ ကန့်ကွက်မှုတွေကို ထည့်သွင်းစဉ်းစားသုံးသပ်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာ လုပ်ငန်းကို ခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်စေခြင်းတို့ ပြုလုပ်ရမယ့်အပြင် ဆိုင်းငံ့ထားခြင်း မပြုလုပ်ဘဲ ဆက်လက်ဆောင်ရွက်စေရမယ်လို့ အဆိုပါကြေညာချက်ထဲ ပါရှိပါတယ်။















































