Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြစ်ဆုံစီမံကိန်း ပြန်စတင်နိုင်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ ဖွဲ့စည်းဆောင်ရွက်နေပြီလို့ ဆို

အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ကချင်ပြည်နယ်ဒေသခံကော်မတီဟာ ၂၀၂၆ ခုနှစ်ထဲ ပထမဆုံးအကြိမ် အစည်းအဝေးကို စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်အစိုးရရုံး၊ မလိခခန်းမမှာ ဇန်နဝါရီလ ၂၁ ရက်က ကျင်းပတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ ဖွဲ့စည်းမှု အခြေအနေတွေ၊ လမ်းညွှန်မှာကြားချက်တွေ၊ လုပ်ငန်းတာဝန်တွေနဲ့ ကော်မတီထဲ ဖြည့်စွက်ဖွဲ့စည်းနိုင်ရေး ကိစ္စရပ်တွေကို စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံကော်မတီ အဖွဲ့ဝင်တွေကလည်း ကော်မတီရဲ့ လုပ်ငန်း တာဝန်တွေအပေါ် ရှေ့ဆက်ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေနဲ့ပတ်သက်လို့ မေးမြန်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် နိုင်ငံတဝန်းမှာ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ပြန်လည်စတင်ဖို့ မကြာခဏ ပြောဆိုခဲ့သလို ပြီးခဲ့တဲ့ဒီဇင်ဘာလက ကချင်ခရီးစဉ်မှာလည်း ဒုတိယစစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်မယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ကွန်ဂရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ မဂ္ဂါဝပ် ၅၆၀၀ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းအဖြစ် ပုံစံပြောင်းလဲဆောက်လုပ်မယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ၎င်းတို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေကို ကန့်ကွက်ခြင်းတွေ ပြုလုပ်ပါက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ၂၀၂၅၊ ဒီဇင်ဘာလ ၁၆ ရက် ကြေညာပါတယ်။

ကချင်ဒေသခံတွေဟာ မြစ်ဆုံစီမံကိန်း ပြန်လည် လုပ်ကိုင်ဖို့ ပြင်ဆင်လာမှုအပေါ် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေထဲမှာ ကန့်ကွက်ကြောင်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး